Friday 2 September 2011

လုကိုချစ်မလား၊ထုကိုချစ်မလား၊ပုကိုချစ်မလား....မချောပြည်သူ(အချစ်ဇတ်လမ်းရိုးရိုးလေးတပုဒ်)

လုကို ချစ်မလား၊ ထုကို ချစ်မလား၊ ပုကို ချစ်မလား … မချောပြည်သူ
(အချစ် ဇာတ်လမ်း ရိုးရိုးလေးတပုဒ်)
ယာမားရှီး

အခန်း (၁)

ချောပြည်သူ

ဒီမြို့မှာ ချောပြည်သူက အလှဆုံး။ ချမ်းသာတယ်၊ ပညာတတ်တယ်၊ ချစ်သူဝိုင်းတာမဆန်း။ မချောပြည်သူကို ထူးထူးခြားခြားကို ချစ်နေတဲ့ လူသုံးယောက်ကတော့ မောင်အာကာလု၊ မောင်ဗလာထုနဲ့ မောင်မာပု ဆိုတဲ့ ညီ အစ်ကို သုံးယောက်။ အရင်က သိပ်ချစ်ကြတဲ့ ညီအကိုတွေ။ မိန်းမတယောက်ရဲ့ အချစ်အတွက်နဲ့ စိတ်ဝမ်းကွဲ ကုန်ရော ...။

ကွဲလည်း ကွဲစရာလေ။ ချောပြည်သူက လုံးကြီးပေါက်လှ။ ဖြူဖြူဖွေးဖွေး ရေဆေးငါး။ ခြေတလှမ်း ဒေါ်လာ သန်းပေါင်းများစွာ တန်တယ်။ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်။ ခုနှစ်ဆောင်တိုက်ခန်း မီးမထွန်းဘဲ လင်းတယ်။ ခံတွင်းရနံ့ကလည်း ကြာညိုနံ့သင်း။ တင်စားစရာ စကားလုံးမရှိ။ အလှကျက်သရေ အပေါင်းနဲ့ ပြည့်စုံသူ။ မြင် သူတိုင်း သွားရည်ယို။

ဘာဘူ၊ မာမွတ်၊ ခေါ်တော၊ ပေါက်ဖေါ်၊ အရှောင်၊ ၀က်ကြီး ဒီကာလသားတွေက အချောင်နှိုက်ချင်ကြတယ်။ ဒီကောင်ရုပ်တွေက ချောပြည်သူနဲ့ လုံးလုံးမတန်။ လု၊ ထု၊ ပု ညီအကို သုံးယောက်ကတော့ ဒီကောင်တွေကို ကြည့်လို့မရ။

ချောပြည်သူ အပျိုဖော်ဝင်စတုန်းကဆိုရင် ချာလီနဲ့ တိုယိုတာ ဆိုတဲ့ ငနဲသားတွေက အချစ်ကို အကြမ်းဖက် ယူခဲ့ကြသေးတယ်။ အပျိုရည်မပျက်လို့သာ တော်သေး။ ချောပြည်သူကလည်း စိတ်ကစားတဲ့ အရွယ်ကိုး။ ချောပြည်သူရဲ့ဖခင် ဦးတိုင်းကျော်က လုံးဝသဘောမတူ။

လု အကိုကြီးက ဦးဆောင်ပြီး မြို့လူထုနဲ့ပေါင်းကာ ချာလီနဲ့ တိုယိုတာတို့ကို မောင်းထုတ်နိုင်ခဲ့တယ်။ ဒါတောင် တခါတလေ ခိုးကြောင်ခိုးဝှက်လာပြီး ချောပြည်သူကို မျက်စလာလာပစ်ပြနေတတ်တယ်။ လုညီအစ်ကိုတွေကို ကြောက်လို့ ပြေးရတာ အခါခါ။
 

အခန်း (၂)

မောင်အာကာလု

ချောပြည်သူကို သိပ်ချစ်ပါတယ် ဆိုခဲ့တဲ့သူ။ ချောပြည်သူဘ၀ကို အကြိမ်ကြိမ် ကယ်တင်ခဲ့တဲ့သူ ဆိုပြီး အမြဲ ကြွေးကြော်နေသူ။ ချာလီနဲ့ တိုယိုတာတို့ကို ဦးဆောင်နှင်ထုတ်ခဲ့သူ။ မချောပြည်သူအတွက် သူရဲကောင်းပေါ့။

ဒါပေမယ့်လေ မချောပြည်သူ သူ့ကို သိပ်မချစ်။ ဘာဖြစ်လို့လဲ။ သူက ချောပြည်သူ့ရုပ်ကိုပဲ ပိုင်ချင်ပြီး အသည်း နှလုံးကို သူမလိုချင်။ ချောပြည်သူ့အလှ၊ ချောပြည်သူ့ဘ၀ကို ပြပြီး လူတကာကို ကြွားချင်တယ်။ ချောပြည်သူ နေမကောင်းဖြစ်ရင်လည်း ဂရုမစိုက်။ ချောပြည်သူ့ရဲ့ကဗျာလေးတွေကို နားမထောင်။ ချောပြည်သူ တေးဆို ရင် နားခါးတယ်ဆိုပြီး လှည့်ထွက်သွားသူ မောင်လု။ ချောပြည်သူ လမင်းကြီးကို ကြည့်ပြီး စိတ်ကူးယဉ်ချင် တယ်ဆိုရင် အရူးမဆိုပြီး ပြောသေးတယ်။ သူက ချောပြည်သူရဲ့ ဓနကို ပိုစိတ်ဝင်စားတာပါ။

အခုလည်းကြည့်လေ။ ချောပြည်သူကို ကာကွယ်ပေးမယ်ဆိုပြီး လူဆိုးတွေနဲ့ တိုင်ပင်ပြီး ချောပြည်သူ့ အိမ် ပတ်ပတ်လည်ကို အုတ်တံတိုင်းတွေခတ်၊ အစောင့်အကျပ်တွေချ။ ဦးတိုင်းကျော်တောင် တားလို့မရ။ သူ့ညီ လေးတွေနဲ့ မြို့လူထုက ပြောလည်းမရ။

ဘယ်တားလို့ရမလဲ။

“ကျုပ် ချောကို ချစ်လို့ဗျ။ ချောကို ဘယ်သူမှ မထိကြနဲ့။ ဟိုကောင်တွေ ရန်ကလည်း မသေးဘူးမဟုတ်လား။ ချောကို ဒုက္ခပေးမယ့် လူတိုင်း ကျုပ်ရန်သူ။ ချောဘ၀ တိုးတက်အောင် ကျုပ်အများကြီး လုပ်ပေးနိုင်တယ်။ မောင်ထု၊ မောင်ပုတို့လည်း သူ့အချစ်ကို လိုချင်ရင် ကျုပ်နဲ့ ပြိုင်ကြပေါ့။ ချောကတော့ ကျုပ်ကိုပဲ ရွေးထားပြီ နော်။ အကြမ်းဖက်လာလုရင်တော့ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားမယ်နော်။”

ဓားကြိမ်း၊ တုတ်ကြိမ်းကြိမ်း။

ချောပြည်သူဘ၀ မလွတ်လပ်။ ချစ်ချင်တဲ့လူ ချစ်လို့မရ။ သူ့ကိုပဲ ချစ်ရမယ်ဆိုပဲ။ မောင်ထု၊ မောင်ပုတို့ ချော ပြည်သူ အနားကပ်လာရင် သိပ်မကြိုက်။ ငါက အစ်ကိုအကြီးဆုံးကွ။ ချောပြည်သူက ငါနဲ့ အသင့်တော်ဆုံး။ ချောပြည်သူကလည်း ကြောက်လို့ မချစ်သော်လည်း အောင့်ကာနမ်း။ သြော် ... အချစ်ဇာတ်ကြမ်းလေးပေါ့။

အခန်း (၃)

မောင်ဗလာထု

မောင်လုကို အစ်ကိုကြီးမို့လို့သာ သည်းခံနေတာ။ သူက တခါတခါ အစ်ကိုကြီးရဲ့တပည့်တွေနဲ့ ခိုက်ရန်ဖြစ်ပွား တတ်သူ။ ချောပြည်သူရဲ့ဘ၀ကို လွတ်လပ်စေချင်လို့ဆိုပြီး အချစ်အတွက် အသက်ပင်သေသေဆိုပြီး တိုက်ပွဲ ၀င်နေသူတဦး။ မောင်လုက ပိုက်ဆံတွေ ပုံပေးလိုက်တော့ ငြိမ်သွားပြန်ရော။ သူက တမျိုး။ တခါတခါ အလစ် ဆော်လိုက်ရင် မောင်လု ခံနေရတယ်။ ဒါပေမယ့် အစ်ကိုကြီးကိုတော့ ဘယ်ယှဉ်လို့ရမလဲ။ မောင်ပုနဲ့ မြို့လူထု မှာ စိတ်မသက်သာ။

တခါက မောင်လုကို လေးဂွနဲ့ ချောင်းပြီးပစ်တော့ ယောက္ခမလောင်းကြီး ဦးတိုင်းကျော်ကို သွားထိပြီး နဖူးကွဲ သွားတယ်။ ချောပြည်သူ့အချစ်ကို ရဖို့ သူ့အဖေခေါင်းကို လောက်စာလုံးနဲ့ ဆော်သလို ဖြစ်နေရော။ ချောပြည် သူမှာ စိတ်ညစ်သွားတယ်။ ခက်ပြီ .. ဒီလူ ရုပ်လေးသနားကမားနဲ့ အရင်က ချောပြည်သူ ရင်ခုန်ခဲ့သေးတယ်။ အခုတော့ ရင်တုန်နေရပြီပေါ့။ မောင်ထု ရန်ဖြစ်ပြီးတဲ့ အချိန်တိုင်း ...

“ချောပြည်သူကို ကိုယ်အချစ်ဆုံး၊ လှေနံသုံးဘက်တော့ မနင်းနဲ့နော်၊ နင်းချင်းနင်း ကိုယ့်ဘက်ကိုသာ နင်း လိုက်စမ်းပါ ချောပြည်သူ၊ ချောအတွက် အသက်သေတဲ့အထိ အစ်ကိုကြီးလုကို ဆက်တိုက်ခိုက်သွားမယ်”

သြော် .. ပြေးရတာလည်း ခဏခဏ။ အစ်ကိုကြီးလုက သံလက်သီးစွပ်ပြီး လိုက်လိုက်ထိုးတာနော်။ ချောပြည် သူလည်း ရင်မော။ မြို့လူထုလည်း စိတ်မော။ ဦးတိုင်းကျော်ကတော့ သူ့ခေါင်းက ဒဏ်ရာဟောင်းလေးကို ပွတ်ရင်း ...

“ဒီကောင် ငါ့သမက်ဖြစ်လာလို့ကတော့ သူ့ခေါင်းကို ငါ့တုတ်ကောက်ကြီးနဲ့ အားရပါးရကို ရိုက်ခွဲပစ်ဦးမှာ” လို့ ကြိမ်းနေလေရဲ့။

အခန်း (၄)

မောင်မာပု

အငယ်ဆုံး ညီလေး မောင်ပု။ အစ်ကိုကြီးတွေရဲ့ အထုကို ခဏခဏခံရသူ။ မောင်ပုက သူတို့လိုမကြမ်း။ ချော ပြည်သူ့ ဘ၀ကို စာနာတယ်။ သူ့အလှကို မြတ်နိုးတယ်။ သူ့ရဲ့လွတ်လပ်ခွင့်ကို လေးစားတယ်။ ချောပြည်သူ ချစ်တဲ့လူကို ရွေးပါစေဆိုပြီး သဘောထားကြီးတယ်။ အစ်ကိုကြီးတွေ တိုက်ကြခိုက်ကြတာကို စိတ်မကောင်း ဖြစ်နေတယ်။

ညီအစ်ကိုချင်း ပြန်လည်သင့်မြတ်တာကို လိုလားတယ်။ စိတ်ရှည်တယ်။ လုပ်သင့်တဲ့ဟာ လုပ်နေတယ်။ ချော ပြည်သူ စာရေးဖို့၊ ပန်းချီဆွဲဖို့၊ တေးဆိုဖို့ ရသလောက် ဖန်တီးပေးတယ်။ ရှုခင်းလှလှလေးတွေ လိုက်ပြတယ်။ သီချင်းကောင်းလေးတွေ ရှာပေးတယ်။ ချောပြည်သူ စကားပြောတာတွေကို နားထောင်ပေးတယ်။ လမင်း ကြီးကို အတူတူကြည့်ပြီး စိတ်ကူးယဉ်ဖူးတယ်။

အစ်ကိုကြီး ခွင့်ပြုသလောက်ပေါ့။ စိတ်မကြည်ရင် မောင်ပုမှာ အခန်းထဲ ပိတ်လှောင်ထားတာ ခံရသေးတယ်။ မင်းက အချစ်အကြောင်း ဘယ်လောက်နားလည်သလဲဆိုပြီး အဆူခံထိလေ့ရှိတယ်။ ချစ်ရေးချစ်ရာ မင်းနဲ့ မ ဆိုင်ဆိုပြီး ဘေးဖယ်ခံထားရတယ်။ ဒါပေမယ့် ချောပြည်သူကို ချစ်တဲ့အတွက် အရာရာကို သည်းခံခဲ့ပါတယ်။


အခန်း (၅)

ချောပြည်သူ နေမကောင်းဖြစ်ခြင်း

တနေ့ ... ချောပြည်သူ အကြီးအကျယ် နေမကောင်းဖြစ်ရော ...။ မောင်ပု ဆရာဝန်ကို ပြေးခေါ်ပေးတယ်။ မောင်လုက ခွင့်မပြု။ ဆေးပညာ နည်းနည်းတတ်တော့ ဆရာဝန်တွေကို သိပ်အားမကိုး။ သူကိုယ်တိုင် ကု မယ်ဆိုတယ်။ မောင်ပုကို နှင်ထုတ်လိုက်တယ်။ မတောက်တခေါက်ဆိုတော့ ချောပြည်သူ ပါးတခြမ်းရွဲ့သွား တယ်။ ဆရာဝန်တွေလည်း လေဖြန်းလေဖြတ်တာတွေ မနိုင်ပါဘူးလို့ အရှက်ပြေပြောတယ်။ ချောပြည်သူရဲ့ ကျန်းမာရေး အစစအရာရာ တိုးတက်နေကြောင်း မြို့လူထုကို အသိပေးတယ်။

မောင်ထုကတော့ မောင်လုကို မကျေနပ်ဖြစ်ပြီး ညညဆိုရင် မောင်လုအိမ်ကို ခဲနဲ့  လာလာထုနေရော။ ချော ပြည်သူမှာ တေးလည်း မဆိုနိုင်၊ ပန်းချီလည်း မရေးနိုင်၊ ကဗျာလည်း မသီနိုင်တော့။ အလှလည်း ပျက်။ စိတ် ဓာတ်ကျပြီး အခန်းအောင်းနေတော့တယ်။

အခန်း (၆)

အချစ်ဇာတ်လမ်းရဲ့နောက်ဆက်တွဲများ

မောင်ပုမှာ ၀မ်းနည်းပက်လက်။ ချောပြည်သူကို ဘယ်လိုကူညီရင် ကောင်းမလဲဆိုပြီး သူလုပ်နိုင်တဲ့ အလုပ် လေးတွေ လုပ်နေရော။ မောင်လုနဲ့ မောင်ထုတို့ တယောက်ကို တယောက် အပြစ်ဖို့ ရန်ဖြစ်နေကြဆဲ။ ဆော် ကြနှက်ကြ။ မောင်ထုက ချောပြည်သူအတွက် ဆက်လက်တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်နေဆဲ။ မောင်လုက တော့ ...

“ခင်ဗျားတို့ ဘာမှမတတ်ပါဘူး။ ချောပြည်သူ နေကောင်းလာအောင် ကျုပ်ပဲတတ်နိုင်တယ်။ ကျုပ်ပဲကယ်နိုင် တယ်။ အကြိမ်ကြိမ်လည်း ကယ်ဖူးတယ်လေ။ ကျုပ်သာ ချောပြည်သူကို ယူထိုက်တဲ့လူပါ။ မောင်ထုက လူ ကြမ်း၊ မောင်ပုက စိတ်နုတယ်။ ဒီကောင်တွေမှာ ချောပြည်သူ့ဘ၀ တိုးတက်အောင် လုပ်နိုင်တဲ့ အရည်အချင်း မရှိပါဘူး။”

သြော် … ချောပြည်သူ ဘ၀ဆိုးလေစွ။ မောင်ပုကိုတော့ ဆရာကြီး လုပ်လွန်းတယ်ဆိုပြီး ချောပြည်သူဆီ လာ ခွင့်မပြုတော့။

အခန်း (၇)

မချောပြည်သူမှ ...

အာကာလုကို ရွေးမလား၊
ဗလာထုကို ချစ်နိုင်မှာလား၊
မာပုကိုပဲ မျှော်နေရမလား ဆိုတာကို စာဖတ်သူများ ဆုံးဖြတ်ပေးကြပါရန် ...။     ။

(ပြည်တွင်းဖြစ် အချစ်ဇာတ်လမ်းတခုကို ဖတ်မိပြီး ကသိကအောင့် ဖြစ်လာသဖြင့် သရော်စာဆန်ဆန် ၀တ္ထု တပုဒ်ကို ရေးထုတ်လိုက်ခြင်းဖြစ်ပါတယ်။ မည်သူ့ကိုမှ မရည်ရွယ်ပါ။)


ယာမားရှီး

No comments:

Post a Comment