Friday, 2 September 2011

တိမ်တွေပြိုသွားတဲ့ကောင်းကင်....

ဗျာပါဒတရားနဲ့ ကပြခဲ့တဲ့ဇာတ်ခုံ
ဆူကြုံနိမ့်မြင့် အဆင်းအတက်တစ်ဖုံ
ရင်နင့်ခံစား အမှန်တရားအတွက်တစ်သွယ်
တက်ကြွရွှင်လန်း ရွှေလမ်းကတစ်နည်း
ဖြစ်ပြီးပျက်သုဉ်း ဓါတ်သဘာဝအဆုံး
တွေ့ကြုံဆုံရ ဘ၀များစွာထဲမှာ
ဒါဟာ...ကဗျာ ။

ရုတ်သိမ်းသလိုနဲ့ ကြွေကျတဲ့သစ်ခက်
ချုပ်ထိန်းသလိုနဲ့ အခြေမကျတဲ့စိတ်ဓါတ်
တပ်မက်မှုနဲ့ဂုဏ်သိက္ခာ
အချိုးမကျနိုင်တော့တဲ့အခါ
ဒါဟာ...ကဗျာ ။

အမြင့်တက်သူတို့ မှော်ကွန်းမှာ
အောက်ဆုံးဟာ အခြေခံဖြစ်ပေမယ့်
တစ်ချို့ တစ်ချို့
ရင်ဘတ်တွေကို နင်းရင်း
တစ်ချို့ တစ်ချို့
အသက်ကို နှင်းရင်း
တစ်ချို့ တစ်ချို့
ဘ၀တွေကို ရင်းရင်း
သီလတွေဖျားတဲ့ အခါ
ဒါဟာ...ကဗျာ ။

ရင့်ကြူးလိုက်ကျ ပွင့်ဖူးလိုက်ကျ
ဝေပြလိုက်ကျ မြေခလိုက်ကျ
တံဆိပ်ခတ်လိုက်ကျ နိမိတ်ဖတ်လိုက်ကျ
ရုန်းကန်လိုက်ကျ ပြုံးပြန်လိုက်ကျ
ဒီလိုနဲ့...
တစ်ထောက်တစ်ကွေ့ နားကြရင်း
ဝိညာဉ်နဲ့ခန္ဓာ ကွဲကာ
ဝသုန်မြေကို အပေါက်ဖောက်
အစာကျွေးခြင်း ပွဲတော်မှာ
ပို့ဆောင်သူတို့ရဲ့ မျက်နှာ
ဒါဟာ...ကဗျာ ။

နက်သထက်နက်ခဲ့တဲ့ ဘ၀တွေ
နင်းသထက်နင်းချင်တဲ့ ဘ၀တွေ
မညီမျှခဲ့တဲ့ လူတန်းစားတွေ
အစာရှာထွက်နေတဲ့ အစာအိမ်တွေ
မြက်ပေါက်နေကြတဲ့ လျှာတွေ
မနက်ညပေါင်းသွားတဲ့ တနပ်စာတွေ
ပြားချပ်နေတဲ့ အိပ်ကပ်တွေ
ကားနဲ့ပြိုင်တဲ့ ခြေထောက်တွေ
တုန်ရီနေတတ်တဲ့ ကဗျာဆရာရဲ့လက်တွေ
တပ်မက်စွာစကားလုံးတွေ ဆုပ်ကိုင်ရင်း
ငိုခြင်းနဲ့စ ၀မ်းနည်းခြင်းနဲ့ဆုံးတဲ့ဇာတ်မှာ
ကိုယ့်ပြကွက် ကိုယ်သတ်မှတ်ကြတဲ့အခါ
ဒါဟာ...ကဗျာ ။

ဘ၀များစွာထဲက ကဗျာ
ကဗျာများစွာထဲက ဘဝ
အစ အလယ် အဆုံး
ညီမျှခြင်းချရင်း ထွက်ခဲ့တဲ့အဖြေမှာ
ဒါဟာ...ကဗျာ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မေတ္တာငတ်သူ

ကြယ်လစုံလင်ပေမဲ့

မနွေးထွေးတဲ့ ကောင်းကင်အောက်

ခိုလှုံစရာ ရင်ခွင်ပျောက်နေတာ……

ကလေးတစ်ယောက်ရဲ့ အဖြစ်မှန်ပေါ့

နွေးထွေးတဲ့မိသားစုများတွေ့ရင်..ေ.လ

ပါးစပ်လေးအဟောင်းသားနဲ့…..

အားပါးတရငေးကြည့်နေတတ်တာ

အဲဒီမိသားစုနဲ့အတူ…

ရောယောင်ပျော်တတ်တာ

ကလေးတစ်ယောက်ရဲ့ အဖြစ်မှန်ပေါ့…

ကြာခဲ့ပါပြီ…

နှစ်တွေတော်တော်ကြာခဲ့ပါပြီ…

ကလေးဘဝတည်းက ဆန္ဒတွေချိုးနှိမ်ခဲ့ရတဲ့ကလေးငယ်

လိုအင်ဆန္ဒဆိုတာ….ပြည့်တတ်ပါသလား

မပီဝိုးတဝါးနဲ့ အဖြေမသိတတ်တဲ့ကလေးငယ်

အဖြေသိနေတဲ့ ကလေးငယ်

အဲဒီကလေးငယ်…ဒီချိန်ထိငိုကြွေးတုန်း

ဒီချိန်ထိ ရင်ခွင်ပျောက်တုန်းဆိုရင်………….။

အချစ်ငတ်တဲ့ကလေးငယ်….အတွက်..

ကျွန်တော်ငိုကြွေးနေမိတယ်…..

အဲဒီကလေးငယ်….

ကျွန်တော် ငိုကြွေးနေတုန်းပဲ

မာယာ...........


အလင်းတုတစ်ချို့နဲ့ ဖြားယောင်း

အမှောင်မိုတ်ဆုံး လမ်းရောက်မှ

စွန့်ခွာရက်ခဲ့သူ……………..။

အတုအယောင်ပေမဲ့

အဲဒီနှလုံးသားကို အပိုင်စား ရခဲ့တဲ့နေ့တွေက

ငါ့အတွက်တော့

နေခြည်အဖြာဆုံး နေ့တွေပါ။

ငါ့နှလုံးသားကို အပိုင်ကစားခွင့်ရနေတဲ့ မင်းအတွက်တော့

ငါက မလင်းလက်တဲ့ ကြယ်တစ်လုံးသာသာ

ခပ်ရင့်ရင့် အကြည့်တို့နဲ့ငါ့ကိုနှိမ့်ချကစားရင်းပျော်နေခဲ့သလာ။း

ရင်ခုန်ဖက် လို့ ကြည်ကြည်နူးနူး သတ်မှတ်ခဲ့မိသူ……………..

တစ်ရှုးတစ်ထုပ်သာသာ ငါ့ကိုသတ်မှတိ

အလိုရှိတိုင်း ၀ယ်လို့ရတယ်လို့များ သတ်မှတ်ခဲ့သလား။

အကြိမ်ကြိမ်ကစားခြင်းခံရတော့

ငါ့နှလုံးသားလည်း ကျွမ်းကျင်လာပြီ

ခုတော့ ငါ သွေးအေးလူသတ်သမား

အချစ်အတွက် အသက်ပေးဖို့ထက်

သူတစ်ပါးနှလုံးသားကို မြိန်ရည်ယှက်ရည် စားသုံးတတ်ပြီ။

မင်းရဲ့ သင်ကြားမှု့အောက်

ငါ့နှလုံးသားလမ်းပျောက်သွားခဲ့

သတိထားမိချိန်မှာတော့………….

ငါ့လက်လည်း…..တော်တော်သွေးစွန်းနေပါပြီ။

ရွှေသမင်အလိုက်မှားမိတဲ့ကျား

သူ့တောသူပြန်သွားတော့မယ်

မင်းကတော့ အချစ်တုတစ်ခုကို အရင်းပြုလို့

ဘ၀တွေ ဖျက်စီးလို့ကောင်းတုန်း။

နှလုံးသားရဲ့ကဗျာ

ကွန်းမန့်ပေးတဲ့သူငယ်ချင်းတွေကိုအရမ်းကျေးဇူးကောင်လေးတစ်ယောက်မှာ အချစ်ကဗျာတစ်ပုဒ် ရှိပါတယ်။ ကောင်လေးကိုယ်တိုင် ရေးသားထားတာလေးပေါ့။ ဒါပေမဲ့ ကောင်လေးစိတ်ထဲမှာ မပြည့်စုံသေးဘူး ထင်နေတယ်။ ကဗျာကိုဖတ်ရင်းဖတ်ရင်းနဲ့…..။ အဲဒါနဲ့ ကဗျာလေးကို မွမ်းမံဖို့ ဘောပင်လေးကိုင်ရေးတော့မဲ့ အချိန်မှာ ကဗျာလေးက ကောင်လေးကိုပြောလိုက်တယ်။

ခဏနေဦး ကောင်လေး……မင်း ဘယ်လောက်ပြင်ပြင် ငါဟာ ရသမြောတ်လွန်းအောင် ကောင်းမွန်မှာမဟုက်ဘူး…..တဲ့

ကောင်လေးက ပြန်မေးးလိုက်ပါတယ်။ ဘာဖြစ်လို့လဲလို့……………။

ဘာဖြစ်လို့လဲဆိုတော့ မင်းနှလုံးသား မှာ အချစ်မရှိဘူး၊ အချစ်ကို ခံစားတတ်တဲ့ စိတ် ပျောက်နေတယ်…………

ဒါဆိုဘယ်လိုလုပ်ရမလဲ……ကျွန်တော်ရေးတဲ့ကဗျာတွေကို ရသအမြောက်ဆုံးဖြစ်စေချင်တာ….အကြံဥာဏ်လေး ပေးပါဦး…………လို့ ကောင်လေးကမေးလိုက်တဲ့အခါ

ကဗျာလေးက ပြန်ဖြေလိုက်တယ်။

မင်းနှလုံးသားကို အချစ်ကိုရှာခိုင်းကွာ။ အချစ်ကိုမတွေ့ရင်လည်း အချစ်နဲ့ တွေ့ဖြစ်တဲ့ နှလုံးသားတွေကိုမေးကြည့်လိုက်။ ဒါဆို အနည်းနဲ့အများတော့ မင်းနှလုံးသားမှာ အချစ်ဆိုတာလေး ကိန်းဝပ်လာမှာပဲ။

ကဗျာလေးရဲ့ဖြေသံအဆုံး ကောင်လေးက နှလုံးသားကို ထုတ်လိုက်တယ်။ ပြီးတော့ အချစ်ကိုရှာခိုင်းလိုက်တယ်။ အကယ်ရွေ့ မတွေ့ဖြစ်ပါဘူးးဆိုတောင်မှ အချစ်နဲ့တွေ့တဲ့ နှလုံးသားတွေဆီက အကြံဥာဏ်တောင်းခဲ့……လို့ ခိုင်းလိုက်ပါရော………။

ပြီးတော့ ကဗျာလေကို မေးလိုက်သေးတယ်။

သေချာပါတယ်နော်………ကျွန်တော့ ကဗျာတွေ ရသမြောက်လာမှာ

အချစ်ဆိုတာကိုသာ သူတွေ့အောင်ရှာလာနိုင်ရင်တော့ သေချာတယ်ကွာ

ကောင်လေးလည်း ခေါင်းညိတ်ပြလိုက်ပြီး နှလုံးသားလေးပြန်လာမဲ့ အချိန်ကိုစောင့်နေပါတယ်။ တော်တော်လေးတော့ ကြာမယ်လို့လည်း တွေးထာါးပတယ်။ ဒါပေမဲ့…………ကောင်းလေးရဲ့အထင်မှားသွားပြီး မထင်မှတ်တဲ့ ပုံစံနဲ့ နှလုံးသားလေးဟာ ပြန်ရောက်လာပါတယ်။ တစ်ကိုယ်လုံးလည်း တစ်ဆတ်ဆတ်တုန်လို့ ကြောက်ရွံနေတဲ့ပုံစံနဲ့…………….

နှလုံးသားလေး မင်း တွေ့ခဲ့လား အချစ်ကို

မတွေ့ခဲ့ပါဘူး ကောင်လေးရယ် ဒါပေမဲ့ အချစ်နဲ့တွေ့ဖူးတဲ့ ငါ့သူငယ်ချင်းသုံးယောက်နဲ့ တွေ့ခဲ့တယ်

ဟုက်လား ဒါဆို အချစ်ဟာ ဘာလဲဆိုတာ မင်းနားလည်ခဲ့တယ်ပေါ့

ဟင့်အင်း နားမလည်ခဲ့ဘူး အရမ်းကြောက်စရာကောင်းတယ်ဆိုတာတော့သိခဲ့တယ်………………..

ကောင်လေး အနည်းငယ်တွေဝေသွားတယ်။ ဘာ့ကြောင့်များပါလိမ့်ပေါ့။

ဘာဖြစ်လို့လဲ……..လို့ကောင်လေးကမေးတော့ နှလုံးသားလေးက ပြန်ဖြေပါတယ်။

ကျွန်တော်ဗျာ ပထမသူငယ်ချင်းနဲ့ လမ်းမှာတွေ့တော့ မေးလိုက်တယ်။ အချစ်ဆိုတာဘာလဲ သိလား…..လို့။ သူက ပြန်ဖြေတယ်။ သိတယ်…တဲ့။ ဘယ်လိုလဲ ရှင်းပြပေးပါလို့ မေးတဲ့အခါ………….ကြောက်ရွံစက်ဆုပ်နေတဲ့ မျက်လုံးနဲ့

အချစ်ဆိုတာ နှလုံးသားဆိုတဲ့ ငါတို့ကို ဖျက်ဆီးဖို့အတွက် သတ်သတ်ဖြစ်တည်လာတာကွ။ ခံစားချက်တွေ တနင့်ကြီးပေးတယ်။ ပြီးတော့ အဲဒီလို ငါတို့ ခံစားနေရတာ ကို သူပျော်နေတတ်တယ်။ အချစ်ဆိုတာနဲ့တွေ့ဖြစ်ရင် ငါတို့မှာ အကောင်းအတိုင်း ကျန်ရစ်တာ ရှားတယ်ကွ။ ဒီမှာကြည့်ပါ့လား။ ဒဏ်ရာဒဏ်ချက်တွေချည်းပဲ။ အဲဒါသူလုပ်တာပေါ့……………………လို့ပြောရင်းထွက်သွားတဲ့သူ့ဆီက ဒဏ်ရာတွေကို ကျွန်တော် မြင်လိုက်တယ်။ ခုထိ သွေးတွေထွက်နေတုန်း။ ကြောက်စရာကြီးပါဗျာ။

ဒါနဲ့ မသေချာသေးပါဘူး။ ထပ်ရှာဦးမှဆိုပြီး ကျွန်တော် ခရီးဆက်ထွက်ခဲ့ပါတယ်။ လမ်းဆုံလမ်းခွလည်းရောက် ဒုတိယသူငယ်ချင်းနဲ့ တွေ့တယ်လေ။ ကျွန်တော်လည်း အချစ်အကြောင်းမေးတာပေါ့။ သူကကျတော့ ရီဝေညွတ်နူးနေတဲ့ မျက်လုံးတွေနဲ့ ဟိုးအဝေးက တစ်စုံတစ်ခုကို မှန်းမျှော်နေသလိုလိုပုံမျိုးနဲ့

အချစ်ဆိုတာ အရမ်းနူးညံ့တယ်။ သူက တန်ဖိုးထားချစ်တတ်သူတွေအတွက် နာကျင်ခြင်းကိုပေးတယ်။ နာကျင်ခြင်းဆယ်ခါခံစားပြီးရင် ပျော်ရွှင်ခြင်းတစ်ခါပေးတယ်။ ဒါပေမဲ့ နာကျင်သည်ဖြစ်စေ၊ ပျော်ရွှင်သည်ဖြစ်စေ အဲသည့်အချစ်ကိုခံစားနေရတဲ့ အခိုတ်အတန့်မှာ ကြည်နူးနေရတာတော့အမှန်ပါပဲ။……..တဲ့။ ဒါနဲ့ ကျွန်တော်လည်းမေးမိလိုက်တယ်လေ။ ခု ခင်ဗျား နာကျင်နေသလား၊ ပျောရွှင်နေသလားဆိုတော့

ငါ ကြည်နူးရင်းနဲ့ နာကျင်နေတာပေါ့ကွာ……………..လို့ပြောရင်း သူတစ်စုံတစ်ရာကိုဆက်မျှော်နေပြန်တယ်။

ကျွန်တော်လည်းဆက်ခရီးဆက်ခဲ့ပါတယ်။ အချစ်ကို ကိုယ်တိုင်တွေ့လိုတွေ့ငြားပေါ့လေ။ မွေ့ခဲ့ပါဘူး။ သူက ကောင်လေး စိတ်ဝင်တစားမှ ရှိရဲ့လားလို့ တစ်ချက်လှမ်းကြည့်လိုက်တော့ ကောင်လေးက စိတ်ဝင်တစားမျက်လုံးတွေနဲ့ သူ့ကိုကြည့်နေပါတယ်။ ပြီးတော့ ခေါင်း တစ်ချက်ဆတ်ပြတယ်။ ဆက်ပြော…ဆိုတဲ့သဘောပေါ့။

သူတစ်ချက်ချောင်းဟန့်လိုက်တယ်။ လည်ချောင်းရှင်းတဲ့ သဘောနဲ့ ပြီးတော့ သူ့ခရီးစဉ်ကို ဆက်ပါတယ်။

ကျွန်တော် ချောင်းလေးတစ်ခုတွေ့ပါတယ်။ ပြီးတော့ အဲဒီချောင်းဘေးပါ သွေးသံရဲရဲနဲ့နှလုံးသားတစ်ခု ငိုနေတယ်လေ။ ကျွန်တော် သူ့နားသွားကြည့်လိုက်မိတာ မသေမချင်းအသေသတ်ဖို့များရည်ရွယ်ထားသလား မသိဘူးဗျာ။ ဒဏ်ရာတွေမှ အများကြီးပဲ။ အသေအချာကြည့်ကြည့်တော့မှ နှလုံးသားလေးကလည်း ထက်ပိုင်းပြက်လုလု။

ကျွန်တော်လည်း ချောင်းလေးဘေးမှာတစ်ချက်ထိုင်ရင်း ချောင်းရေနဲ့ မျက်နှာသစ်မိပါတယ်။ မောလှပြီလေ။ လျှောက်ခဲ့ရတဲ့ ခရီးက နည်းတာမှမဟုက်တာ။ ချောင်းရေက နည်းနည်းတော့ ငံကျိကျိ နိုင်သားဗျ။

သူက ကျွန်တော့ကို မေးတယ်။ ဘယ်လိုအရသာရှိလဲ… တဲ့။ ကျွန်တော်က နည်းနည်းတော့ ငံသလိုပဲဗျ………..လို့ဖြေလိုက်တဲ့အခါ သူပြောတာက

အဲဒါ ငါ့မျက်ရည်တွေ…………….တဲ့

ဗျာ…………………….လို့ ကျွန်တော်လည်း အတော် အံ့အားသင့်သွားတယ်။ မျက်ရည်ဟာ ချောင်းတစ်ခုဖြစ်တည်သည်အထိ ကျနိုင်ပါ့မလားလို့ …………….။

ဟုက်တယ်….အဲဒါ ငါ့မျက်ရည်တွေ။ အချစ်ဆိုတာနဲ့ တွေ့ခဲ့လို့ ငါလည်းဒီပုံစံဖြစ်သွားတာပဲ။

ကျွန်တော်တောင်မေးစရာမလိုဘူး။ သူက ကျွန်တော့ကို ရင်ဖွင့်ပြနေတယ်။ အဲဒါနဲ့………………ဘယ်လိုဖြစ်တာလဲ……..လို့ မေးလိုက်တော့

ငါကွာ လွန်ခဲ့တဲ့တစ်လက အချစ်နဲ့ တွေ့ဆုံခဲ့တယ်……………

အင်း………….

သူ့ကိုကြည့်နေရင်းနဲ့ သူ့စိတ်ကြိုက်ဖြည့်ဆည်းပေးနေချင်တာကွာ……ဘယ်လိုမှ ထိန်းလို့မရတာနဲ့ မေးလိုက်ကော မင်းကို့ယ့်ဆီက ဘာလိုချင်လဲလို့……………သူကပြန်ပြောတယ်ကွ……………..ရှင့်အသွေးအသားကို ခပ်ဖွဖွလေး ဓါးနဲ့ ထိကြည့်ချင်တယ်……..တဲ့

ဒါနဲ့ ငါလည်းထိဆိုပြီး ခွင့်ပေးလိုက်တာ သူငါ့အနားက ထွက်သွားချိန်မှ သိရတယ်………ငါ့အသွေးအသားတစ်ချို့ကို သူပွဲတော်တည်ဖို့ ယူသွားမှန်း……………..သူမရှိတော့မှ အဲဒီဒဏ်ရာတွေက နာကျင်တာတွေ ခံစားရတယ်။။။။သူမရှိတော့ သူ့ကို သတိရလွမ်းလွန်းလို့ ငိုလာလိုက်တာ သူက သတိရမရတော့မသိဘူး ငါ့မှာတောင့် ချောင်းတောင်ဖြစ်သွားပြီ။။။

အင်း…ခင်ဗျားအသွေးအသားကို ယူသွားတာဗျာ………..ဘာလုပ်ဖို့ သတိရနေဦးမှာလဲ မေ့ပြစ်လိုက်

ခင်ဗျား ဒဏ်ရာတွေ ကျတ်အောင်လို့ အရင်ကုစားလေဗျာ………………………လို့ကျွန်တော်ပြောတော့ သူက ဘာမှပြန်မပြောပဲ တိုးတိုးလေးပါပဲ ညည်းလိုက်တာ….

ငါလည်း အနာကျတ်ချင်ပါတယ်ကွာ………………..တဲ့။

ကောင်လေးက မေးလိုက်တယ်။ မင်း ဘာ့ကြောင့် ကြောတ်နေတာလဲ……….လို့မေးစဉ်မှာပဲ နှလုံးသားလေးက တစ်စုံတစ်ခုကို ထိတ်လန့်သွားဟန်နဲ့ သူ့အနောတ်ကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ နှလုံးအိမ်ထဲ ခုန်ဝင်လိုက်တယ်။

ကျွန်တော် ပြန်လာတော့ လမ်းမှာ တစ်စုံတစ်ယာက်နဲ့ တွေ့တယ်။ ဘာကဘယ်လိုထူးခြားနေမှန်းမသိတဲ့ အရာ။ အချစ်ဖြစ်မယ်ထင်တာပဲ……။ကျွန်တော့ အသွေးအသားတွေ တစ်ဒိန်းဒိန်းနဲ့ ထိန်းရခက်နေတာ။ သေချာပါတယ်။ အချစ်ပဲဖြစ်မယ်..။ သူကျွန်တော့ကို မမြင်ခင် ပြေးထွက်လာတာ။…သူ ကျွန်တော့ကို မြင်သွားရင် ကျွန်တော့မှာ ………………..ကျွန်တော် အသက်ဆက်ရှင်နိုင်မယ်မထင်ဘူး……ဟော ကျွန်တော့ အသွေးအသားတွေ ထိန်းရခက်နေပြန်ပြီ။ သူလာပြီထင်တယ် …..။ ကျွန်တော်ပုန်းတော့မယ်………….လို့အလျှင်အမြန်ပြောရင်း နှလုံးအိမ်တံခါးလေးကိ ဇစ်ပိတ်လိုက်လေရဲ့။

ကဗျာရယ်……….ကောင်လေးရယ်ပဲ ကျန်တော့တယ်။ ကောင်လေးက ကဗျာကို ပြောမလို့ ကြည့်လိုက်တော့ ကဗျာလေးက ပခုံးတွန့်ပြတယ်………..သူလည်း ဘာမှမတတ်နိုင်ဘူးပေါ့လေ.

ကဗျာလေးကို မပြင်ဖြစ်တော့ပဲ သိမ်းလိုက်ပါတယ် ကောင်လေးလည်း

အဲဒီနောက်ပိုင်းလည်း သူ ကဗျာတွေ ရေးဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကဗျာတွေမှာ အချစ်ကို ကြေတ်ရွံ့မှုတွေ လွှမ်းနေတယ်။ ကောင်လေးလည်း သိပါတယ်။ ပြန်ပြင်ဖို့ ဆိုတာကလည်း ဒီနှလုံးသားလေးရဲ့ ကြောကရွံမှုကို ဖြေဖျောတ်ပေးနိုင်တဲ့သူ မတွေ့လေတော့…………………အဲဒီလိုနဲ့ပဲ့ ………………….

ကောင်လေးကလည်း အချစ်ကဗျာတွေရေးဆဲ…………………….

နှလုံးသားလေးလည်း အချစ်ကို ကြောက်ရွံဆဲံ…………………..ဒီချိန်ထိပါပဲ……………

.....................................................

ရှိတတ်ပါတယ်..။လောကကြီးမှာ......။ အချစ်ကိုကြောက်ရွံပြီး ပုန်းရှောင်နေတဲ့နှလုံးသားတွေ............။အများကြီးပါ........။ ကောင်လေးလည်း အပါအ၀င်ပေါ့။

ဒါပေမဲ့ ကောင်လေးရဲ့ ကဗျာတွေကို အပျော်သက်သက်ရေးတယ်လို့ပြောကြရင်တော့ လက်မခံချင်ပါဘူး........။ အချစ်ဆိုတာကို အသေအချာမခံစားဖူးတဲ့အတွက် ရသမြောက်ချင်မှမြောက်ပါလိမ့်မယ်။ ဒါပေမဲ့ ကဗျာတစ်ပုဒ်လေးပြီးဖို့....သုံးရက်တိတိစဉ်းစားခဲ့တဲ့အချိန်တွေ၊ တစ်ညလုံးမအိပ်ပဲ အိပ်ပျက်ခဲ့ရတဲ့ အချိန်တွေ...........နှလုံးသားတစ်ခုလုံးရင်းခဲ့တာပါ...............ဦးဏှောတ်တစ်ခုလုံးရင်းခဲ့မိတာပါဗျာ......

အဲဒါကြောင့် ကဗျာရေးသူတွေကို အပျော်သက်သက်ရေးတာပါ............လို့ မပြောကြပါနဲ့ လို့ တောင်းပန်ရင်း
တင်တယ်.

ချစ်သူထံသို့

တစ်ကယ်တော. အချစ်ဆိုတာငါ့အတွက်တော. အိပ်မက်ထဲတောင်အလည်မလာတဲ.သင်္ချာတစ်ပုဒ်ပါပဲလေ......ဗေဒင်ကတော.မင်းဟာ.....အလွမ်းနက္ခတ် နဲ.မွေးလာတာတဲ.။ ဟုတ်လားတော.မသိဘူးကျွန်တော်လေ ကောင်မလေးတစ်ယောက်ကိုအရမ်းပဲချစ်ခဲ.ဘူးတယ်...သူ.ကိုမေတ္တာစကားပြောတော.သူကလေ.... အမူပိုပိုနဲ.ကျွန်တော.ကိုတစ်လစောင်.ပါတဲ.လေ...... အဲဒီလိုနဲ......သူပြောတဲ.တစ်လလည်းရောက်တော.ရင်ခုန်စွာနဲ. သူ.မဆီက အဖြေတောင်းကြည်.တော.သူမကကျွန်တော.ကိုဘာပြောလဲသိလား....နင်.ကိုငါခံစားလို.မရဘူးတဲ.ဗျာ. အဲဒါနဲ.တောင်ဘာဖြစ်လို.များတစ်လကြီးတောင်အစောင်.ခိုင်းလဲအစောထဲကပြောရင်ရတဲ.ဟာကို.......ကြာတော.ကြာပါပြီ ကျွန်တော်ရေးထားတဲ.ဒီစာလေးရော...သူဖတ်မိခဲ.ရင် ......

ချစ်သူထံသို့

ချစ်သူရေမင်းကိုရွှေနန်းထက်မှာ ထားချင်တာ ကိုယ့်ရဲ့ ဆန္ဒပါ.....
ချစ်သူရေ မင်းအတွက်ဆိုရင် ဘာမဆို ကိုယ်လုပ်ပေးချင်တယ် ကိုယ်တတ်နိုင်သလောက်ထဲက အစွမ်းကုန်ပေါ့......
ချစ်သူရေဒီလောကမှာ အမေပြီးရင်မင်းကို ဒုတိယအချစ်ဆုံးပဲ ......
ချစ်သူမင်းဘ၀တစ်ခုလုံး အောင်မြင်ပျော်ရွှင်ပြီး ဘ၀မှာကြုံတွေ့ ရမယ့် အခက်အခဲ တွေကိုကျော်ဖြတ်နိုင်ပါစေ ...
ချစ်သူ ကိုယ်ဟာမချစ်တတ်တာမဟုတ်ဘူး...ကိုယ်မင်းကိုအသက်လောက်ချစ်တယ် ...ဒါပေမယ့် ကိုယ့်ရဲ့ ဘ၀ဟာသူများလို မနူးညံ့ ဘူး ...
မင်းမျက်နှာငယ်မှာရမှာ မမြင်ချင်ဘူး....
ဒါပေမယ့် ကိုယ်မင်းကိုအချစ်ဆုံးဆိုတာ မင်းသိပါစေတော့ ...ချစ်သူရေ

အမှန်တရားစစ်

ရွေဒုံးဘီအောင်မရိုက်တဲ့ဘိုင်စကုတ်...

မမြ၀င်းရေ ...
အဲဒီကောင်တွေပေါ့ ...။

အဲဒီကောင်တွေလိုမျိုး ဖြစ်ဖို့ဆိုတာက
မြ၀တီ-မဲဆောက် နယ်စပ်တလျှောက်မှာ
တလတန်သည် နှစ်လတန်သည် ရေသောက် ထမင်းစား
ငှက်ဖျားလည်း ဖြစ်ခဲ့ဖူးမှ ...။

သူများတွေ ရှေ့တန်းသွား
နောက်တန်းမှာ အမြှုပ်ထွက်အောင် ပွားရင်း
တခါတခါ ပါးနား နားရင်း ရိုက်ပစ်ချင်စရာကောင်းလောက်အောင်လည်း
သေနတ်ထဲ ကျည်ဘောက်ပြောင်းပြန်ထည့်တဲ့ ဗဟိုကော်မတီ ခဏတဖြုတ် ဖြစ်ခဲ့ဖူးမှ ...။

အဲသည်နယ်စပ်မှာ ...
ကံမွဲရှာတဲ့ ငါတို့ပြည်က ဖာသည်အသစ်ချပ်ချွတ်ကလေးတွေကိုလည်း
ညအိုပြီဆို အကြွေးနဲ့ သွားသွားကယ်တင်တတ်ဦးမှ ...။

သူများတွေ တောထဲမှာ သေ
တိုက်ပွဲတွေဖြစ်ချိန်
သောင်ရင်းမြစ်ဘေးမှာ စီးကရက်ဘူးအသစ်ကလေး ခါးညှပ်လို့ 
ပြောက်ကျားယူနီဖောင်း စမတ်ဂွမ်ဂွမ်နဲ့ ပေါ်လတစ်ကယ်ဇိမ်ကလေးယူတတ်ဦးမှ ....။

မနာလိုမဖြစ်ပါနဲ့ ကရင်က ကြင်နာလိုက်တာပါ
ဖောရိန်နာက မစလိုက်တာပါ
အိမ်က ပို့လိုက်တာပါ
အဲသလိုလည်း ပိုင်ဦးမှ ...။

ဒေါက်တာဘမော်လောက် ဘိလပ်လိုမမွှတ်ရင်တောင်မှ
ဒွတ်ဒက်ရွှတ်ရှက်နဲ့ စောက်ရှက်ကလည်း နည်းဦးမှ ...။

အဲသလို စောက်ရှက်နည်းရတဲ့အထဲမှာ
ခွဲခြမ်းစိတ်ဖြာ ဂွင်ဆိုတာလည်း ရှာတတ်ဦးမှ
အဲသလို ဂွင်ရှာရင်း မောလို့လည်းမဖြစ်
စကောလားရှစ်ကလေးကလည်း ရဦးမှ ...။

အဲသည်စကောလားရှစ်နဲ့
အပြောသမားမဖြစ်အောင်လည်း
အန်ဂျီအိုလေးဖြစ်ဖြစ် ထောင်ဦးမှ ...။

အဲသလို စကောလားရှစ် မလိုလောက်အောင်
ဟီရိသြတ္တပ္ပနတ္ထိနဲ့ တောက်ပြောင်ရင်လည်း
ဂျာနယ်လေးပဲဖြစ်ဖြစ် ထောင်ဦးမှ ...။

အဲသလို အဲသလို အရည်အချင်းတွေနဲ့ ကောင်တွေမှ
အဲသလို တသက်လုံး လက်ကြောမတင်း
အဲသလို တဘ၀လုံး သူများဘ၀တွေကို ခင်းနင်းလာတဲ့ကောင်တွေမှ
ဒီအချိန် ... ဖျတ်ကနဲ လျှပ်စစ်မီး ခရမ်းချဉ်သီးလောက်
အဲဒီဘတ်သီးအစုတ်ကလေးက လင်းချိန်မှာ
ဝီကနဲ ... ၀ီကနဲ ... မ၀ဲရင် ...
အိမ်က ဖန်ချောင်းကြီး ထင်းနေအောင် ထွန်းထားလည်း
ဘယ်ပိုးဖလံကောင်မှ မ၀ဲတော့ဘူးမှတ် ...။

ဒီမယ် ...
ပြန်မခေါ်ပါနဲ့ဗျာ
ထောင်ထဲက
ယုံကြည်ချက်နဲ့ ဖမ်းထည့်ခံရသူတွေသာ လွှတ်ပေးပါ
တိုင်းပြည်ခွေးဖြစ်တာ
ခုမှ တရားဝင် ရင်ဘတ်စည်တီး
အမြီးကလေး ခါခါပြီး ၀န်ခံနေရတဲ့ ခင်ဗျားကိုတော့ သနားတယ်
လုပ်ငန်းရှင်တွေ အခွန်အတုတ်လျှော့လိုက်တာ
ငတ်မနေတဲ့ လုပ်ငန်းရှင်တွေအတွက် မုဒိတာပွားပါတယ်
ရှဲရှဲ .. နီ ... ပါ
ကျုပ်တို့နိုင်ငံသား တကယ်ပိုင်တာ
ဘယ်လောက်ကျန်ပါသေးသလဲဆရာ ...။

တစ်နဲ့တစ် ပေါင်းတတ်ရင်
ငြိမ်းချမ်းရေးဆိုတာ ခက်တဲ့အရာမဟုတ်ပါဘူး
စစ်နဲ့စစ် ပေါင်းရင်တော့ ခင်ဗျားတို့ ဧရာဝတီကို ကာမယ့်
ရေကာတာတောင် ကျိုးပဲ့ပေါက်ပြဲ အကျိုးမဲ့သွေးတွေ
နှစ်ရှည်လများ စီးနေဦးမှာပါပဲ ...။

ပြောဦးမယ်ဗျ ...
တော်ရုံတန်ရုံအပြစ်ဆိုတဲ့ကိစ္စ
တိုင်းပြည်ကို နွံထဲဆွဲချခဲ့သူတွေက
ဘယ်လိုလူတွေကို ခွင့်လွှတ်မှာတုန်း
ဘယ်လိုလူတွေက ဘယ်လိုလူတွေကို ခွင့်လွှတ်မှာတုန်း
ဆိုပါဦးဆရာရယ် ...။

နှစ်ပေါင်းများစွာ သေနတ်တကားကားနဲ့
ခုမှ အေးဓားပြအဆင်ခင်းပြီး
လေပြေလေပျော့ကလေးနဲ့
တဘ၀လုံး ပြန်ပေးဆွဲခံရသူတွေကို ခွင့်လွှတ်ပြပေမယ့်
ဗိုလ်အောင်ဒင်ဇာတ်လောက် မမိုက်ဘူးဗျာ ...။

ဘာပဲဖြစ်ဖြစ်ပါ
ပြည်ပက တဘ၀လုံး စည်းစိမ်ပြည့်နေတဲ့ကောင်တွေရဲ့
ဂါဝရကို သတိသာထားပြီး ယုံပေါ့ဗျာ
စေတနာနဲ့ သတိပေးတာပါ ...
ခင်ဗျားတို့ တိုင်းပြည်ဖျက်တာ
အားလုံး စိတ်ထားဖြူဖြူနဲ့ ၀ိုင်းပြင်ရင်
နောက်မျိုးဆက်အတွက် ရချင်ကောင်းရနိုင်သေးတယ်
ဒီကောင်တွေ ခင်ဗျားတို့နဲ့ ပေါင်းဖျက်ရင်တော့
သကြားမင်း ပြင်မယ်ဆိုရင်တောင် လူမဲ့လေယာဉ်နဲ့ ပစ်ချခံရချည်ရဲ့ ...။

ဖေဖေသူတို့လိုဝတ်ပါလား...

မြန်မာပြည်မှာ မြို့နယ်ပေါင်းစုံကို လှည့်လည်ပြီး တောင်းရမ်းစားသောက်တဲ့ သူတောင်းစား သားအဖနှစ် ယောက်ရှိသတဲ့။ သားဖြစ်သူက ကလေးပီပီ စူးစမ်းချင်စိတ်တွေများပြီး ဖခင်ဖြစ်သူ သူတောင်းစားကြီးကို သူ သိချင်တာတွေ အမေးအမြန်းထူလေ့ရှိသတဲ့။

တခါသားမှာတော့ သားအဖနှစ်ယောက် သစ်ပင်ရိပ်အောက်မှာ နားနေကြရင်း သားဖြစ်သူက သူ့အဖေကို မေး ခွန်းတွေ တရစပ် မေးလေသတဲ့။

“ဖေဖေ၊ သားတို့တွေ့တွေ့နေတဲ့ ဟို ... တိုက်ပုံအင်္ကျီအဖြူ၊ ပုဆိုးအစိမ်းဝတ်ထားတဲ့ သူတွေက ဘယ်သူတွေလဲ ဟင်”
“အဲဒါ ကြံ့ဖွံ့အဖွဲ့ဝင်တွေကွဲ့”
“ဟို ... အင်္ကျီအ၀ါ၊ ထမီအ၀ါဝတ်ထားတဲ့ အမျိုးသမီးတွေကကော ဘယ်သူတွေလဲ ဖေဖေ”
“အဲဒါက အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေလို့ ခေါ်တယ်သားရဲ့”
“ဟို ... အင်္ကျီနက်ပြာ၊ ဘောင်းဘီနက်ပြာနဲ့ လူတွေကကော”
“သူတို့က အရန်မီးသတ်အဖွဲ့ဝင်တွေကွဲ့”
“ဟို ... အင်္ကျီအဖြူ၊ ဘောင်းဘီနက်ပြာ၊ ဦးထုပ်အဖြူနဲ့ လူတွေကကော ဘယ်သူတွေလဲ ဖေဖေ”
“လမ်းပြပုလိပ်တွေပေါ့ သားရဲ့”
“အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်း၊ ဦးထုပ်အစိမ်းနဲ့ လူတွေကတော့ စစ်သားတွေနော် ဖေဖေ၊ ဟုတ်လား”
“ဟုတ်တယ်ကွဲ့”
“အင်္ကျီအညိုရောင်၊ ဘောင်းဘီအညိုရောင်၊ ဦးထုပ်အညိုရောင်နဲ့ လူတွေက ရဲတွေလား ဖေဖေ”
“ဟုတ်တယ်လေ သားရဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင် အမေးအမြန်း ထူနေရတာလဲ”

အဲဒီအခါမှာ သားဖြစ်သူ ပြောလိုက်တဲ့စကားကြောင့် အဖေဖြစ်တဲ့ သူတောင်းစားကြီးဟာ အံ့သြမှင်သက်မိသွား သတဲ့။ သားဖြစ်သူ ပြောလိုက်တဲ့ စကားကတော့ …

“ဖေဖေ့ကို ကြည့်ရတာ ပင်ပန်းလို့ပါ ဖေဖေ၊ ဖေဖေလည်း သူတို့လိုဝတ်စုံတွေဝတ်ပြီး တောင်းပါလား၊ အဲဒါဆို ပိုက်ဆံပိုရမှာ၊ သူတို့တွေ ပိုက်ဆံတောင်းရင် လူတွေက အများကြီးထည့်တာ သားတွေ့တယ် ဖေဖေရဲ့” တဲ့။

(ဆရာဂါမဏိရဲ့ ပြောပြချက်ကို ဆင့်ပွားခံစားတင်ပြပါသည်။)

Very Dangerous Animals.

တခါတုန်းကပေါ့။ ရန်ကုန်ကိုရောက်လာတဲ့ နိုင်ငံခြားသားတဦး တပ်မတော်မှတ်တမ်းရုံးနဲ့ တိရိစ္ဆာန်ရုံကြားက ကားမှတ်တိုင်မှာ ဘတ်စကားစောင့်နေတယ်။ ဘတ်စကားစောင့်နေရင်း သိချင်တာတခုရှိတာနဲ့ သူ့ရှေ့ ဖြတ် လျှောက်သွားတဲ့ မြန်မာနိုင်ငံသားတဦးကို အကူအညီ လှမ်းတောင်းလိုက်တယ်။ ပြီးတော့ တိရိစ္ဆာန်ရုံအုတ်တံ တိုင်းကို လက်ညှိုးထိုးပြီး ဘာကြောင့် အုတ်တံတိုင်း အမြင့်ကြီး ကာထားတာလဲလို့ မေးလိုက်တယ်။ အဲဒီမှာ မြန်မာနိုင်ငံသားကလည်း Dangerous Animals ဆိုပြီး မဆိုင်းမတွ ဖြေလိုက်တယ်။

မြန်မာနိုင်ငံသားရဲ့ အဖြေကို ကြားတော့ နိုင်ငံခြားသားက အုတ်တံတိုင်းကြီးကို ကြည့်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေတယ်။ ပြီးတော့ လမ်းတဘက်က တပ်မတော်မှတ်တမ်းရုံးကို လက်ညှိုးထိုးပြီး အုတ်တံတိုင်းအမြင့်ကြီး ရော သံဆူးကြိုးတွေပါ ဘာဖြစ်လို့ ကာထားတာလဲလို့ ထပ်မေးလိုက်ပြန်တယ်။ အဲဒီမှာ မြန်မာနိုင်ငံသားက မျက်လုံးပြူးပြီး Very Dangerous Animals !!! လို့လည်း ဖြေလိုက်ရော နိုင်ငံခြားသားကြီးမှာ တော်တော်သ ဘောကျသွားခဲ့လေသတဲ့။

လုကိုချစ်မလား၊ထုကိုချစ်မလား၊ပုကိုချစ်မလား....မချောပြည်သူ(အချစ်ဇတ်လမ်းရိုးရိုးလေးတပုဒ်)

လုကို ချစ်မလား၊ ထုကို ချစ်မလား၊ ပုကို ချစ်မလား … မချောပြည်သူ
(အချစ် ဇာတ်လမ်း ရိုးရိုးလေးတပုဒ်)
ယာမားရှီး

အခန်း (၁)

ချောပြည်သူ

ဒီမြို့မှာ ချောပြည်သူက အလှဆုံး။ ချမ်းသာတယ်၊ ပညာတတ်တယ်၊ ချစ်သူဝိုင်းတာမဆန်း။ မချောပြည်သူကို ထူးထူးခြားခြားကို ချစ်နေတဲ့ လူသုံးယောက်ကတော့ မောင်အာကာလု၊ မောင်ဗလာထုနဲ့ မောင်မာပု ဆိုတဲ့ ညီ အစ်ကို သုံးယောက်။ အရင်က သိပ်ချစ်ကြတဲ့ ညီအကိုတွေ။ မိန်းမတယောက်ရဲ့ အချစ်အတွက်နဲ့ စိတ်ဝမ်းကွဲ ကုန်ရော ...။

ကွဲလည်း ကွဲစရာလေ။ ချောပြည်သူက လုံးကြီးပေါက်လှ။ ဖြူဖြူဖွေးဖွေး ရေဆေးငါး။ ခြေတလှမ်း ဒေါ်လာ သန်းပေါင်းများစွာ တန်တယ်။ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်။ ခုနှစ်ဆောင်တိုက်ခန်း မီးမထွန်းဘဲ လင်းတယ်။ ခံတွင်းရနံ့ကလည်း ကြာညိုနံ့သင်း။ တင်စားစရာ စကားလုံးမရှိ။ အလှကျက်သရေ အပေါင်းနဲ့ ပြည့်စုံသူ။ မြင် သူတိုင်း သွားရည်ယို။

ဘာဘူ၊ မာမွတ်၊ ခေါ်တော၊ ပေါက်ဖေါ်၊ အရှောင်၊ ၀က်ကြီး ဒီကာလသားတွေက အချောင်နှိုက်ချင်ကြတယ်။ ဒီကောင်ရုပ်တွေက ချောပြည်သူနဲ့ လုံးလုံးမတန်။ လု၊ ထု၊ ပု ညီအကို သုံးယောက်ကတော့ ဒီကောင်တွေကို ကြည့်လို့မရ။

ချောပြည်သူ အပျိုဖော်ဝင်စတုန်းကဆိုရင် ချာလီနဲ့ တိုယိုတာ ဆိုတဲ့ ငနဲသားတွေက အချစ်ကို အကြမ်းဖက် ယူခဲ့ကြသေးတယ်။ အပျိုရည်မပျက်လို့သာ တော်သေး။ ချောပြည်သူကလည်း စိတ်ကစားတဲ့ အရွယ်ကိုး။ ချောပြည်သူရဲ့ဖခင် ဦးတိုင်းကျော်က လုံးဝသဘောမတူ။

လု အကိုကြီးက ဦးဆောင်ပြီး မြို့လူထုနဲ့ပေါင်းကာ ချာလီနဲ့ တိုယိုတာတို့ကို မောင်းထုတ်နိုင်ခဲ့တယ်။ ဒါတောင် တခါတလေ ခိုးကြောင်ခိုးဝှက်လာပြီး ချောပြည်သူကို မျက်စလာလာပစ်ပြနေတတ်တယ်။ လုညီအစ်ကိုတွေကို ကြောက်လို့ ပြေးရတာ အခါခါ။
 

အခန်း (၂)

မောင်အာကာလု

ချောပြည်သူကို သိပ်ချစ်ပါတယ် ဆိုခဲ့တဲ့သူ။ ချောပြည်သူဘ၀ကို အကြိမ်ကြိမ် ကယ်တင်ခဲ့တဲ့သူ ဆိုပြီး အမြဲ ကြွေးကြော်နေသူ။ ချာလီနဲ့ တိုယိုတာတို့ကို ဦးဆောင်နှင်ထုတ်ခဲ့သူ။ မချောပြည်သူအတွက် သူရဲကောင်းပေါ့။

ဒါပေမယ့်လေ မချောပြည်သူ သူ့ကို သိပ်မချစ်။ ဘာဖြစ်လို့လဲ။ သူက ချောပြည်သူ့ရုပ်ကိုပဲ ပိုင်ချင်ပြီး အသည်း နှလုံးကို သူမလိုချင်။ ချောပြည်သူ့အလှ၊ ချောပြည်သူ့ဘ၀ကို ပြပြီး လူတကာကို ကြွားချင်တယ်။ ချောပြည်သူ နေမကောင်းဖြစ်ရင်လည်း ဂရုမစိုက်။ ချောပြည်သူ့ရဲ့ကဗျာလေးတွေကို နားမထောင်။ ချောပြည်သူ တေးဆို ရင် နားခါးတယ်ဆိုပြီး လှည့်ထွက်သွားသူ မောင်လု။ ချောပြည်သူ လမင်းကြီးကို ကြည့်ပြီး စိတ်ကူးယဉ်ချင် တယ်ဆိုရင် အရူးမဆိုပြီး ပြောသေးတယ်။ သူက ချောပြည်သူရဲ့ ဓနကို ပိုစိတ်ဝင်စားတာပါ။

အခုလည်းကြည့်လေ။ ချောပြည်သူကို ကာကွယ်ပေးမယ်ဆိုပြီး လူဆိုးတွေနဲ့ တိုင်ပင်ပြီး ချောပြည်သူ့ အိမ် ပတ်ပတ်လည်ကို အုတ်တံတိုင်းတွေခတ်၊ အစောင့်အကျပ်တွေချ။ ဦးတိုင်းကျော်တောင် တားလို့မရ။ သူ့ညီ လေးတွေနဲ့ မြို့လူထုက ပြောလည်းမရ။

ဘယ်တားလို့ရမလဲ။

“ကျုပ် ချောကို ချစ်လို့ဗျ။ ချောကို ဘယ်သူမှ မထိကြနဲ့။ ဟိုကောင်တွေ ရန်ကလည်း မသေးဘူးမဟုတ်လား။ ချောကို ဒုက္ခပေးမယ့် လူတိုင်း ကျုပ်ရန်သူ။ ချောဘ၀ တိုးတက်အောင် ကျုပ်အများကြီး လုပ်ပေးနိုင်တယ်။ မောင်ထု၊ မောင်ပုတို့လည်း သူ့အချစ်ကို လိုချင်ရင် ကျုပ်နဲ့ ပြိုင်ကြပေါ့။ ချောကတော့ ကျုပ်ကိုပဲ ရွေးထားပြီ နော်။ အကြမ်းဖက်လာလုရင်တော့ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားမယ်နော်။”

ဓားကြိမ်း၊ တုတ်ကြိမ်းကြိမ်း။

ချောပြည်သူဘ၀ မလွတ်လပ်။ ချစ်ချင်တဲ့လူ ချစ်လို့မရ။ သူ့ကိုပဲ ချစ်ရမယ်ဆိုပဲ။ မောင်ထု၊ မောင်ပုတို့ ချော ပြည်သူ အနားကပ်လာရင် သိပ်မကြိုက်။ ငါက အစ်ကိုအကြီးဆုံးကွ။ ချောပြည်သူက ငါနဲ့ အသင့်တော်ဆုံး။ ချောပြည်သူကလည်း ကြောက်လို့ မချစ်သော်လည်း အောင့်ကာနမ်း။ သြော် ... အချစ်ဇာတ်ကြမ်းလေးပေါ့။

အခန်း (၃)

မောင်ဗလာထု

မောင်လုကို အစ်ကိုကြီးမို့လို့သာ သည်းခံနေတာ။ သူက တခါတခါ အစ်ကိုကြီးရဲ့တပည့်တွေနဲ့ ခိုက်ရန်ဖြစ်ပွား တတ်သူ။ ချောပြည်သူရဲ့ဘ၀ကို လွတ်လပ်စေချင်လို့ဆိုပြီး အချစ်အတွက် အသက်ပင်သေသေဆိုပြီး တိုက်ပွဲ ၀င်နေသူတဦး။ မောင်လုက ပိုက်ဆံတွေ ပုံပေးလိုက်တော့ ငြိမ်သွားပြန်ရော။ သူက တမျိုး။ တခါတခါ အလစ် ဆော်လိုက်ရင် မောင်လု ခံနေရတယ်။ ဒါပေမယ့် အစ်ကိုကြီးကိုတော့ ဘယ်ယှဉ်လို့ရမလဲ။ မောင်ပုနဲ့ မြို့လူထု မှာ စိတ်မသက်သာ။

တခါက မောင်လုကို လေးဂွနဲ့ ချောင်းပြီးပစ်တော့ ယောက္ခမလောင်းကြီး ဦးတိုင်းကျော်ကို သွားထိပြီး နဖူးကွဲ သွားတယ်။ ချောပြည်သူ့အချစ်ကို ရဖို့ သူ့အဖေခေါင်းကို လောက်စာလုံးနဲ့ ဆော်သလို ဖြစ်နေရော။ ချောပြည် သူမှာ စိတ်ညစ်သွားတယ်။ ခက်ပြီ .. ဒီလူ ရုပ်လေးသနားကမားနဲ့ အရင်က ချောပြည်သူ ရင်ခုန်ခဲ့သေးတယ်။ အခုတော့ ရင်တုန်နေရပြီပေါ့။ မောင်ထု ရန်ဖြစ်ပြီးတဲ့ အချိန်တိုင်း ...

“ချောပြည်သူကို ကိုယ်အချစ်ဆုံး၊ လှေနံသုံးဘက်တော့ မနင်းနဲ့နော်၊ နင်းချင်းနင်း ကိုယ့်ဘက်ကိုသာ နင်း လိုက်စမ်းပါ ချောပြည်သူ၊ ချောအတွက် အသက်သေတဲ့အထိ အစ်ကိုကြီးလုကို ဆက်တိုက်ခိုက်သွားမယ်”

သြော် .. ပြေးရတာလည်း ခဏခဏ။ အစ်ကိုကြီးလုက သံလက်သီးစွပ်ပြီး လိုက်လိုက်ထိုးတာနော်။ ချောပြည် သူလည်း ရင်မော။ မြို့လူထုလည်း စိတ်မော။ ဦးတိုင်းကျော်ကတော့ သူ့ခေါင်းက ဒဏ်ရာဟောင်းလေးကို ပွတ်ရင်း ...

“ဒီကောင် ငါ့သမက်ဖြစ်လာလို့ကတော့ သူ့ခေါင်းကို ငါ့တုတ်ကောက်ကြီးနဲ့ အားရပါးရကို ရိုက်ခွဲပစ်ဦးမှာ” လို့ ကြိမ်းနေလေရဲ့။

အခန်း (၄)

မောင်မာပု

အငယ်ဆုံး ညီလေး မောင်ပု။ အစ်ကိုကြီးတွေရဲ့ အထုကို ခဏခဏခံရသူ။ မောင်ပုက သူတို့လိုမကြမ်း။ ချော ပြည်သူ့ ဘ၀ကို စာနာတယ်။ သူ့အလှကို မြတ်နိုးတယ်။ သူ့ရဲ့လွတ်လပ်ခွင့်ကို လေးစားတယ်။ ချောပြည်သူ ချစ်တဲ့လူကို ရွေးပါစေဆိုပြီး သဘောထားကြီးတယ်။ အစ်ကိုကြီးတွေ တိုက်ကြခိုက်ကြတာကို စိတ်မကောင်း ဖြစ်နေတယ်။

ညီအစ်ကိုချင်း ပြန်လည်သင့်မြတ်တာကို လိုလားတယ်။ စိတ်ရှည်တယ်။ လုပ်သင့်တဲ့ဟာ လုပ်နေတယ်။ ချော ပြည်သူ စာရေးဖို့၊ ပန်းချီဆွဲဖို့၊ တေးဆိုဖို့ ရသလောက် ဖန်တီးပေးတယ်။ ရှုခင်းလှလှလေးတွေ လိုက်ပြတယ်။ သီချင်းကောင်းလေးတွေ ရှာပေးတယ်။ ချောပြည်သူ စကားပြောတာတွေကို နားထောင်ပေးတယ်။ လမင်း ကြီးကို အတူတူကြည့်ပြီး စိတ်ကူးယဉ်ဖူးတယ်။

အစ်ကိုကြီး ခွင့်ပြုသလောက်ပေါ့။ စိတ်မကြည်ရင် မောင်ပုမှာ အခန်းထဲ ပိတ်လှောင်ထားတာ ခံရသေးတယ်။ မင်းက အချစ်အကြောင်း ဘယ်လောက်နားလည်သလဲဆိုပြီး အဆူခံထိလေ့ရှိတယ်။ ချစ်ရေးချစ်ရာ မင်းနဲ့ မ ဆိုင်ဆိုပြီး ဘေးဖယ်ခံထားရတယ်။ ဒါပေမယ့် ချောပြည်သူကို ချစ်တဲ့အတွက် အရာရာကို သည်းခံခဲ့ပါတယ်။


အခန်း (၅)

ချောပြည်သူ နေမကောင်းဖြစ်ခြင်း

တနေ့ ... ချောပြည်သူ အကြီးအကျယ် နေမကောင်းဖြစ်ရော ...။ မောင်ပု ဆရာဝန်ကို ပြေးခေါ်ပေးတယ်။ မောင်လုက ခွင့်မပြု။ ဆေးပညာ နည်းနည်းတတ်တော့ ဆရာဝန်တွေကို သိပ်အားမကိုး။ သူကိုယ်တိုင် ကု မယ်ဆိုတယ်။ မောင်ပုကို နှင်ထုတ်လိုက်တယ်။ မတောက်တခေါက်ဆိုတော့ ချောပြည်သူ ပါးတခြမ်းရွဲ့သွား တယ်။ ဆရာဝန်တွေလည်း လေဖြန်းလေဖြတ်တာတွေ မနိုင်ပါဘူးလို့ အရှက်ပြေပြောတယ်။ ချောပြည်သူရဲ့ ကျန်းမာရေး အစစအရာရာ တိုးတက်နေကြောင်း မြို့လူထုကို အသိပေးတယ်။

မောင်ထုကတော့ မောင်လုကို မကျေနပ်ဖြစ်ပြီး ညညဆိုရင် မောင်လုအိမ်ကို ခဲနဲ့  လာလာထုနေရော။ ချော ပြည်သူမှာ တေးလည်း မဆိုနိုင်၊ ပန်းချီလည်း မရေးနိုင်၊ ကဗျာလည်း မသီနိုင်တော့။ အလှလည်း ပျက်။ စိတ် ဓာတ်ကျပြီး အခန်းအောင်းနေတော့တယ်။

အခန်း (၆)

အချစ်ဇာတ်လမ်းရဲ့နောက်ဆက်တွဲများ

မောင်ပုမှာ ၀မ်းနည်းပက်လက်။ ချောပြည်သူကို ဘယ်လိုကူညီရင် ကောင်းမလဲဆိုပြီး သူလုပ်နိုင်တဲ့ အလုပ် လေးတွေ လုပ်နေရော။ မောင်လုနဲ့ မောင်ထုတို့ တယောက်ကို တယောက် အပြစ်ဖို့ ရန်ဖြစ်နေကြဆဲ။ ဆော် ကြနှက်ကြ။ မောင်ထုက ချောပြည်သူအတွက် ဆက်လက်တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်နေဆဲ။ မောင်လုက တော့ ...

“ခင်ဗျားတို့ ဘာမှမတတ်ပါဘူး။ ချောပြည်သူ နေကောင်းလာအောင် ကျုပ်ပဲတတ်နိုင်တယ်။ ကျုပ်ပဲကယ်နိုင် တယ်။ အကြိမ်ကြိမ်လည်း ကယ်ဖူးတယ်လေ။ ကျုပ်သာ ချောပြည်သူကို ယူထိုက်တဲ့လူပါ။ မောင်ထုက လူ ကြမ်း၊ မောင်ပုက စိတ်နုတယ်။ ဒီကောင်တွေမှာ ချောပြည်သူ့ဘ၀ တိုးတက်အောင် လုပ်နိုင်တဲ့ အရည်အချင်း မရှိပါဘူး။”

သြော် … ချောပြည်သူ ဘ၀ဆိုးလေစွ။ မောင်ပုကိုတော့ ဆရာကြီး လုပ်လွန်းတယ်ဆိုပြီး ချောပြည်သူဆီ လာ ခွင့်မပြုတော့။

အခန်း (၇)

မချောပြည်သူမှ ...

အာကာလုကို ရွေးမလား၊
ဗလာထုကို ချစ်နိုင်မှာလား၊
မာပုကိုပဲ မျှော်နေရမလား ဆိုတာကို စာဖတ်သူများ ဆုံးဖြတ်ပေးကြပါရန် ...။     ။

(ပြည်တွင်းဖြစ် အချစ်ဇာတ်လမ်းတခုကို ဖတ်မိပြီး ကသိကအောင့် ဖြစ်လာသဖြင့် သရော်စာဆန်ဆန် ၀တ္ထု တပုဒ်ကို ရေးထုတ်လိုက်ခြင်းဖြစ်ပါတယ်။ မည်သူ့ကိုမှ မရည်ရွယ်ပါ။)


ယာမားရှီး

အယူတော်မင်္ဂလာ အပ်ချုပ်ကြီး
စိမ်းစို
(ကာတွန်း ဟန်လေး၏ ပုံကို mizzimacartoon.blogspot.com မှ ရယူပါသည်)

ချာရာဏသီပြည်တွင် အပ်ချုပ်ကြီး ဘုရင်ဖြစ်သည်မှာ နှစ်ပေါင်း (၂၀) မျှ ရှိလေပြီ။ ထို နှစ် (၂၀) အတွင်း အပ် ချုပ်ကြီး၏ အတင်းအဖျင်း သတင်းပလင်းတို့ကား ချာရာဏသီပြည်၏ လှည်းနေလှေအောင်း မြင်းဇောင်းမ ကျန် ဟိုးဟိုးကျော်ခဲ့၏။ ထိုသို့ ဟိုးဟိုးကျော်ခဲ့သော သတင်းများအနက်မှ အပ်ချုပ်ကြီး၏ အယူသီး စွဲလမ်းမှု များအကြောင်း အနည်းငယ်တင်ပြလိုပါသည်။

ဤနေရာတွင် ချာရာဏသီပြည်တွင် သုံးစွဲသော ဘာသာစကားအကြောင်း အနည်းငယ်ပြောပြလိုပါသည်။ ချာ ရာဏသီပြည်တွင် လူအများ သုံးစွဲသော ဘာသာစကားမှာ ချာရာဏသီ စကားဖြစ်၏။ အရေးအသားအနေနှင့် ကား လွန်ခဲ့သော နှစ်ပေါင်း (၁,၀၀၀) ကျော်ခန့်ကတည်းက ချာရာဏသီပြည်သားတို့ ချာရာဏသီစာကို ရေး သားခဲ့ကြ၏။ ထိုမျှလောက်ဆို တော်လောက်ပြီ။

ချာရာဏသီစကား၏ အလိုအရ အကြီးအမှူးကို “ဗိုလ်” ဟု ခေါ်ဝေါ်သုံးစွဲ၏။ ထို့ကြောင့် အပ်ချုပ်ကြီး၏ ဘုရင့် တပ်မတော်မှ အကြီးအမှူးအပေါင်းသည် “ဗိုလ်” များ ဖြစ်ကြပါသည်။

သို့သော် အကြီးအမှူးဆိုသည်မှာ တနေရာတည်းတွင် ရှိသည်မဟုတ်။ သုဘရာဇာတို့တွင်လည်း အကြီးအမှူး ရှိ၏။ ခိုးသားဓားပြတို့တွင်လည်း အကြီးအမှူး ရှိ၏။ သူပုန်သူကန်တို့တွင်လည်း အကြီးအမှူးရှိ၏။ ထို့ကြောင့် ချာရာဏသီစကားအရ ထိုထို ဓားပြ သူပုန်သူကန်တို့၏ အကြီးအမှူးတို့ကိုလည်း “ဓားပြဗိုလ်” “လူဆိုးဗိုလ်” “သူပုန်ဗိုလ်” ဟု ခေါ်ဝေါ်ကြပါသည်။

ထိုသို့ခေါ်ဝေါ်သည်မှာ ရှေးအတီတေ နှစ်ရာချီ၍ ကြာခဲ့ပါပြီ။ သို့သော် အယူသီးသော အပ်ချုပ်ကြီးကား မိမိ၏ ရာထူး အမည်နာမ ပညတ်ဖြစ်သော “ဗိုလ်” နှင့် ထိုထို ဓားပြ သူပုန်တို့၏ ရာထူးဖြစ်သော “ဗိုလ်” စာလုံးပေါင်း တူနေခြင်းအား အထူးပင် မခံမရပ်နိုင် ဖြစ်ချေသည်။

ထို့ကြောင့် အပ်ချုပ်ကြီးသည် ဘုရင့်အမိန့်တော်တရပ်အား အပူတပြင်း ထုတ်ပြန်လေသည်။ ထိုအမိန့် ထုတ် ပြန်သည့် နေ့မှစ၍ ချာရာဏသီပြည်တွင် ထုတ်ဝေသော သတင်းစာ၊ မဂ္ဂဇင်းတို့တွင် လူဆိုးဓားပြ သူပုန်သူ ကန်တို့၏ ရာထူးအား “ဗိုလ်” ဟူ၍ ရေးသားရမည့်အစား အသံထွက်တူသော ဘကုန်း အက္ခရာဖြင့် ဖလှယ်၍ “ဘို” ဟု ရေးသားကြရလေတော့သည်။

ထိုအချိန်မှစ၍ ချာရာဏသီ အဘိဓာန်တွင် မည်သည့်အခါကမျှ မရှိခဲ့သော “ဘို” ဟူသော စကားလုံးကို ချာရာ ဏသီ စာနယ်ဇင်းများတွင် စတင်တွေ့ရှိရလေသည်။ သူပုန်သူကန်ဟု အပ်ချုပ်ကြီး သမုတ်အပ်သော အဖွဲ့အ စည်းတို့၏ အကြီးအမှူး အမည်တို့သည် “ဘို” ဟူသော စကားလုံးဖြင့် အစပြုကြရပါသည်။

ချာရာဏသီ ရုပ်ရှင်နယ်ပယ်တွင် “ဗိုလ်အောင်ဒင်” ဟူသော ရုပ်ရှင်ဇာတ်ကားသည် အလွန်နာမည်ကြီး၏။ ယင်း “ဗိုလ်အောင်ဒင်” သည် လူဆိုးဗိုလ်ဖြစ်သောကြောင့် ယနေ့ အပ်ချုပ်ကြီး၏ လက်ထက်တွင်သာ ယင်း ကား ရိုက်ကူးလျှင် “ဘိုအောင်ဒင်” ဟု စာလုံးပေါင်းကြရပေမည်။

လွန်ခဲ့သော စက်တင်ဘာလက ချာရာဏသီပြည်ထုတ် ကလျာမဂ္ဂဇင်းတွင် စာရေးဆရာ မင်းလူက ဝတ္ထုရှည် တပုဒ် ရေး၏။ မင်းအာဏာကို မင်းလူလည်း မလွန်ဆန်နိုင်ရှာ။ ဝတ္ထု၏အမည်ကို “ဘိုမျောက်ဒင်” ဟု ပေးရရှာ ပါသည်။

ခင်မင်ရင်းနှီးသူများက “ဗိုလ်သု” ဟု ခေါ်ဝေါ်ကြသော ယခု ကွယ်လွန်သွားရှာပြီ ဖြစ်သည့် နာမည်ကျော် စာ ရေးဆရာ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် “သုမောင်” လည်း မလွတ်။ “ဘိုသု” ဟု ပြောင်းလဲ ရေးသားရရှာ သည်။

ချာရာဏသီပြည်မှ အဆိုတော် “ဘိုဘိုဟန်”၊ စာရေးဆရာ “ဘိုဘိုကျော်ငြိမ်း” တို့ကား နောင်နှစ်ပေါင်း ကိုးရာ တထောင် ကြာသောအခါ မြန်မာစာပေသုတေသီတို့က မိမိတို့၏ အမည်နာမတို့ကို ကြည့်၍ လူဆိုးသူဆိုးများ ဟု အထင်လွဲကောင်း လွဲကြမည်ဖြစ်သောကြောင့် များစွာ ပူပင်သောက ရောက်နေကြရပါသည်။

အပ်ချုပ်ကြီး၏ စာလုံးပေါင်း အယူသီးမှုကား ဤတခုတည်း မဟုတ်။ နောက်တခု ကျန်ပါသေးသည်။

အပ်ချုပ်ကြီးသည် “စု” ဟူသော စကားလုံးကို လွန်စွာမုန်း၏။ အကြောင်းရင်းကား ယင်းအမည်ပါရှိသော ချာ ရာဏသီ ပြည်သူတယောက်သည် အပ်ချုပ်ကြီး၏ မတရားသော အမိန့်အာဏာတို့ကို ဖီဆန်ရာတွင် အထူးပင် နာမည်ကျော်ကြား လူသိများလှသောကြောင့်ဖြစ်ပါသည်။

၁၉၉၉၊ ၂၀၀၀ ပြည့်တဝိုက်တွင် ချာရာဏသီပြည်၏ “အဘဝတီ” ရုပ်သံမှ တရုတ်သိုင်းကားတကားကို ချာရာ ဏသီ စာတန်းထိုး၍ အခန်းဆက် ထုတ်လွှင့်ပြသ၏။ ယင်းတရုတ်ကားမှ ဇာတ်ဆောင်မင်းသမီး ချောလေး၏ အမည်မှာ “ယဉ်စုစု” ဖြစ်ပါသည်။

ယင်း “ယဉ်စုစု” နှင့် ပြသနေသည်မှာ သုံးလေးလ ကြာလတ်သော် စာလုံးပေါင်းကို အပ်ချုပ်ကြီး သတိပြုမိ သွား၏။ ခက်သည်မှာ တရုတ်ကားကို ချာရာဏသီ စာတန်းထိုးရာတွင် တကားလုံးအတွက် စာတန်းများကို ကြိုတင်ရေးပြီး ဖြစ်နေပါသည်။

ထို့ကြောင့် တမျိုးတဖုံ စီစဉ်ကြရပါသည်။ “ယဉ်စုစု” အမည်ကို အမည်းရောင်ဖြင့် ဖျက်၍ ယင်းနေရာတွင် “ယဉ်ဆုဆု” ဟု ပြောင်းလဲစာလုံးပေါင်းကြရသည်ကို ထိုအချိန်က တရုတ်သိုင်းကားကြည့် ပရိသတ်တို့ မှတ်မိ နေကြဆဲဖြစ်ပါသည်။

ထိုမျှနှင့် ရပ်ပြီလော။ မရပ်သေးပါ။ ဤနေရာတွင် ချာရာဏသီပြည်၏ အခြေအနေကို အနည်းငယ် ရေးပြရပါ မည်။

အတိုင်းတိုင်း အပြည်ပြည်တို့၏ အလယ်တွင် ချာရာဏသီပြည်သည် မူးယစ်ဆေးဝါးများကို တွင်ကျယ်စွာ ထုတ်လုပ်ရာ တိုင်းဒေသအဖြစ် ထင်ပေါ်ကျော်ကြားနေသည်မှာ ကာလကြာမြင့်နေပြီဖြစ်ပါသည်။

အပ်ချုပ်ကြီး ဘုရင်ဖြစ်ကာစက နည်းပါးသေးသော အရက်သေစာ ယမကာ ရောင်းချသော ဆိုင်များသည် လည်း အပ်ချုပ်ကြီး၏ ဘုရင်သက်တမ်း နှစ် (၂၀) အတွင်း မိုးဦးကျ မှိုများကဲ့သို့ တိုးပွားလာခဲ့သည်မှာ အများ အသိပင် ဖြစ်ပါသည်။

လိုက်လျောညီထွေစွာပင် ချာရာဏသီပြည်ရှိ ပြည်ကျော်အဆိုတော်များ သီဆိုကြသော သီချင်းများထဲတွင် လည်း “အရက်သောက်ခြင်း” “အရက်မူးခြင်း” အစရှိသော စာသားများ ပါဝင်ခဲ့ကြပါသည်။

ထိုသီချင်းများကို အပ်ချုပ်ကြီး ကြားလတ်သော် ဗုဒ္ဓဘာသာကို အထူးကိုင်းရှိုင်းတော်မူသည့်အတိုင်း များစွာ စိတ်မချမ်းသာ ဖြစ်လေပြီ။ သို့သော် သီချင်းများကား ထုတ်ဝေဖြန့်ချိပြီးဖြစ်သောကြောင့် မည်သို့တားမြစ်ရ မည်မသိ ဖြစ်နေချေသည်။

ထိုသီချင်းများကို နောက်ပေါ်အဆိုတော်တို့ ပြန်ဆိုတေးအဖြစ် ပြန်လည်သီဆိုကြသောအခါ အပ်ချုပ်ကြီး အ ကွက်ဆိုက်လေပြီ။ သီချင်းစာသားများကို ပြောင်းပစ်ရန် အမိန့်တော်မြတ် ချမှတ်လိုက်လေသည်။

ထို့ကြောင့်ပင် မဟုတ်တုံလော။ ချာရာဏသီပြည်သား အဆိုတော်ဇော်ဝင်းထွဋ်၏ သီချင်းတပုဒ်အား ထူးအယ် လင်းမှ ပြန်ဆိုသောအခါ “မူးပြီးတော့ လဲသွားရင် ပြီးရော အရက်သောက်ရင် ကောင်းမလား” ဆိုတဲ့ မူရင်းစာ သားအစား “အဟောင်းအနွမ်းနဲ့ ဝေးသွားရင် ပြီးရော ရွက်လွှင့်ရင် ကောင်းမလား” ဟု ပြောင်းလဲသီဆိုခဲ့ရပါ သည်။ နောက် နာမည်ကျော်အဆိုတော် ဗဒင်၏ သီချင်းစာသား “မူးမူးနဲ့ ဆေးလိပ်လေးဖွာ” အစား “အတွေး များနဲ့ မျောလွင့်ရင်းသာ” ဟု ပြောင်းလဲသီဆိုရပြန်ပါသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသော တေးရေး စောဘွဲ့ မှူး၏ “ဖင်ဆီဒိုင်း” သီချင်းလည်း မလွတ်။ ဖြူဖြူကျော်သိန်းက “အိပ်မက်ရိုင်း” ဟု ပြောင်းလဲသီဆိုခဲ့ရပါသည်။

အရက်တခုတည်းနှင့် ပြီးမည်လော။ ပြီးမည်ဆိုလျှင် ကောင်းလေစွ။ သို့သော် အပ်ချုပ်ကြီးကား အဘယ်မှာ ပြီးနိုင်ပါအံ့နည်း။

အပ်ချုပ်ကြီးသည် ရန်ကုန်မြို့တော်ကို လွန်စွာသာယာလှပစေလို၏။ ၃၈ ဖြာမင်္ဂလာကို တရံတဆစ်မျှ မကျင့် သုံးဖူးသော်လည်း မင်္ဂလာမြင်ကွင်းများကိုသာ မြင်လို၏။ မင်္ဂလာစကားကိုသာ ကြားလို၏။ မကောင်းသော အ နိဌာရုံများ မရှိစေလို၊ ရှိလည်း မမြင်လို၊ မကြားလို။ ထိုသို့ တရုတ်ဒဏ္ဍာရီထဲမှ မျောက်သုံးကောင်၏ အကြီးဆုံး သာဝကကြီး ဖြစ်တော်မူသော အပ်ချုပ်ကြီးဖြစ်သည်နှင့်အညီ တေးရေးစောဘွဲ့မှူး၏ နာမည်ကျော် “ရောဂါ” သီချင်းထဲမှ ရန်ကုန်မြို့ပြ ပုံရိပ်များကိုလည်း ပြောင်းလဲစေပါသည်။

ထို့ကြောင့် မူရင်းစာသား “မီးပွိုင့်နားက အရူးမ” အစား “မီးပွိုင့်နားက ကလေးမ” ဟုလည်းကောင်း၊ “ခွေးလေ ခွေးလွင့် တောထဲ” ဟူသော စာသားအစား “မိန်းမလှလေးတွေ တောထဲ” ဟူ၍ လည်းကောင်း ပြောင်းလဲသီ ဆိုကြရပါသည်။ သီချင်းထဲမှ ရုန်းကြွနေသော ရန်ကုန်မြို့ပြပုံရိပ်များမှာ ပျက်စီးခြင်းမလှ ပျက်စီးရရှာပါသည်။

ထိုမျှနှင့် ရပ်မည်လော။ မရပ်သေးပါ။ သူပုန်သူကန်တို့ကိုလည်းကောင်း၊ ပုန်ကန်ထကြွခြင်းကိုလည်းကောင်း လွန်စွာမုန်းတီးသော ငြိမ်းချမ်းရေးမြတ်နိုးလှသူ ဖြစ်တော်မူသည့် အားလျော်စွာ အပ်ချုပ်ကြီးသည် ၎င်းတေး ရေး စောဘွဲ့မှူး၏ နာမည်ကျော် “မှားတဲ့ဘက်မှာ” သီချင်းမှ စာသား “သူပုန်လေးလို့ ငါ့ကိုခေါ်” အစား “လူပေ လေးလို့ ငါ့ကိုခေါ်” ဟု ပြောင်းလဲစေပြန်ပါသည်။

တေးရေး စောဘွဲ့မှူး စောစီးစွာ ကွယ်လွန်သွားသည်မှာ တနည်းအားဖြင့် ကောင်း၏။ ယခုအထိ သက်ရှိထင် ရှားရှိခဲ့သော် အနုပညာသည်စစ်စစ်ဖြစ်သော စောဘွဲ့မှူးခမျာ နှလုံးကွဲ၍ မချိမဆန့် ခံရချိမ့်မည်။

ချာရာဏသီစကားတွင် “ဗိုလ်ကျသည်” ဟူသော စကားလုံးရှိ၏။ အနိုင်ကျင့်ခြင်းဟု အနက်အဓိပ္ပာယ်ရပါ သည်။ ကံကောင်းထောက်မစွာ ယင်းစကားလုံးကိုကား “ဘိုကျသည်” ဟု ပြောင်းလဲခြင်းမပြုသေးပါ။

ချာရာဏသီ ဘာသာစကားကား လှပလှပါပေသည်။ အမှန်တရားကို တိတိပပ ဖော်ကျူးနိုင်သော ဘာသာစ ကား ဖြစ်ပါသည်။ အပ်ချုပ်ကြီး အမှူးပြုသော “ဗိုလ်ဗလပွေ ဗိုလ်ဗလချာ ဗိုလ်ဗာလ” တသိုက် “ဗိုလ်ဆိုး ဗိုလ် သွမ်း ဗိုလ်သရမ်း” တသိုက် အထူးတလည် “ဗိုလ်ကျ” ကြသော ချာရာဏသီ ပြည်ထူးပြည်မြတ်ကြီးပင် ဖြစ် လေတော့သည်။ ။


စိမ်းစို