Friday 2 September 2011

အယူတော်မင်္ဂလာ အပ်ချုပ်ကြီး
စိမ်းစို
(ကာတွန်း ဟန်လေး၏ ပုံကို mizzimacartoon.blogspot.com မှ ရယူပါသည်)

ချာရာဏသီပြည်တွင် အပ်ချုပ်ကြီး ဘုရင်ဖြစ်သည်မှာ နှစ်ပေါင်း (၂၀) မျှ ရှိလေပြီ။ ထို နှစ် (၂၀) အတွင်း အပ် ချုပ်ကြီး၏ အတင်းအဖျင်း သတင်းပလင်းတို့ကား ချာရာဏသီပြည်၏ လှည်းနေလှေအောင်း မြင်းဇောင်းမ ကျန် ဟိုးဟိုးကျော်ခဲ့၏။ ထိုသို့ ဟိုးဟိုးကျော်ခဲ့သော သတင်းများအနက်မှ အပ်ချုပ်ကြီး၏ အယူသီး စွဲလမ်းမှု များအကြောင်း အနည်းငယ်တင်ပြလိုပါသည်။

ဤနေရာတွင် ချာရာဏသီပြည်တွင် သုံးစွဲသော ဘာသာစကားအကြောင်း အနည်းငယ်ပြောပြလိုပါသည်။ ချာ ရာဏသီပြည်တွင် လူအများ သုံးစွဲသော ဘာသာစကားမှာ ချာရာဏသီ စကားဖြစ်၏။ အရေးအသားအနေနှင့် ကား လွန်ခဲ့သော နှစ်ပေါင်း (၁,၀၀၀) ကျော်ခန့်ကတည်းက ချာရာဏသီပြည်သားတို့ ချာရာဏသီစာကို ရေး သားခဲ့ကြ၏။ ထိုမျှလောက်ဆို တော်လောက်ပြီ။

ချာရာဏသီစကား၏ အလိုအရ အကြီးအမှူးကို “ဗိုလ်” ဟု ခေါ်ဝေါ်သုံးစွဲ၏။ ထို့ကြောင့် အပ်ချုပ်ကြီး၏ ဘုရင့် တပ်မတော်မှ အကြီးအမှူးအပေါင်းသည် “ဗိုလ်” များ ဖြစ်ကြပါသည်။

သို့သော် အကြီးအမှူးဆိုသည်မှာ တနေရာတည်းတွင် ရှိသည်မဟုတ်။ သုဘရာဇာတို့တွင်လည်း အကြီးအမှူး ရှိ၏။ ခိုးသားဓားပြတို့တွင်လည်း အကြီးအမှူး ရှိ၏။ သူပုန်သူကန်တို့တွင်လည်း အကြီးအမှူးရှိ၏။ ထို့ကြောင့် ချာရာဏသီစကားအရ ထိုထို ဓားပြ သူပုန်သူကန်တို့၏ အကြီးအမှူးတို့ကိုလည်း “ဓားပြဗိုလ်” “လူဆိုးဗိုလ်” “သူပုန်ဗိုလ်” ဟု ခေါ်ဝေါ်ကြပါသည်။

ထိုသို့ခေါ်ဝေါ်သည်မှာ ရှေးအတီတေ နှစ်ရာချီ၍ ကြာခဲ့ပါပြီ။ သို့သော် အယူသီးသော အပ်ချုပ်ကြီးကား မိမိ၏ ရာထူး အမည်နာမ ပညတ်ဖြစ်သော “ဗိုလ်” နှင့် ထိုထို ဓားပြ သူပုန်တို့၏ ရာထူးဖြစ်သော “ဗိုလ်” စာလုံးပေါင်း တူနေခြင်းအား အထူးပင် မခံမရပ်နိုင် ဖြစ်ချေသည်။

ထို့ကြောင့် အပ်ချုပ်ကြီးသည် ဘုရင့်အမိန့်တော်တရပ်အား အပူတပြင်း ထုတ်ပြန်လေသည်။ ထိုအမိန့် ထုတ် ပြန်သည့် နေ့မှစ၍ ချာရာဏသီပြည်တွင် ထုတ်ဝေသော သတင်းစာ၊ မဂ္ဂဇင်းတို့တွင် လူဆိုးဓားပြ သူပုန်သူ ကန်တို့၏ ရာထူးအား “ဗိုလ်” ဟူ၍ ရေးသားရမည့်အစား အသံထွက်တူသော ဘကုန်း အက္ခရာဖြင့် ဖလှယ်၍ “ဘို” ဟု ရေးသားကြရလေတော့သည်။

ထိုအချိန်မှစ၍ ချာရာဏသီ အဘိဓာန်တွင် မည်သည့်အခါကမျှ မရှိခဲ့သော “ဘို” ဟူသော စကားလုံးကို ချာရာ ဏသီ စာနယ်ဇင်းများတွင် စတင်တွေ့ရှိရလေသည်။ သူပုန်သူကန်ဟု အပ်ချုပ်ကြီး သမုတ်အပ်သော အဖွဲ့အ စည်းတို့၏ အကြီးအမှူး အမည်တို့သည် “ဘို” ဟူသော စကားလုံးဖြင့် အစပြုကြရပါသည်။

ချာရာဏသီ ရုပ်ရှင်နယ်ပယ်တွင် “ဗိုလ်အောင်ဒင်” ဟူသော ရုပ်ရှင်ဇာတ်ကားသည် အလွန်နာမည်ကြီး၏။ ယင်း “ဗိုလ်အောင်ဒင်” သည် လူဆိုးဗိုလ်ဖြစ်သောကြောင့် ယနေ့ အပ်ချုပ်ကြီး၏ လက်ထက်တွင်သာ ယင်း ကား ရိုက်ကူးလျှင် “ဘိုအောင်ဒင်” ဟု စာလုံးပေါင်းကြရပေမည်။

လွန်ခဲ့သော စက်တင်ဘာလက ချာရာဏသီပြည်ထုတ် ကလျာမဂ္ဂဇင်းတွင် စာရေးဆရာ မင်းလူက ဝတ္ထုရှည် တပုဒ် ရေး၏။ မင်းအာဏာကို မင်းလူလည်း မလွန်ဆန်နိုင်ရှာ။ ဝတ္ထု၏အမည်ကို “ဘိုမျောက်ဒင်” ဟု ပေးရရှာ ပါသည်။

ခင်မင်ရင်းနှီးသူများက “ဗိုလ်သု” ဟု ခေါ်ဝေါ်ကြသော ယခု ကွယ်လွန်သွားရှာပြီ ဖြစ်သည့် နာမည်ကျော် စာ ရေးဆရာ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် “သုမောင်” လည်း မလွတ်။ “ဘိုသု” ဟု ပြောင်းလဲ ရေးသားရရှာ သည်။

ချာရာဏသီပြည်မှ အဆိုတော် “ဘိုဘိုဟန်”၊ စာရေးဆရာ “ဘိုဘိုကျော်ငြိမ်း” တို့ကား နောင်နှစ်ပေါင်း ကိုးရာ တထောင် ကြာသောအခါ မြန်မာစာပေသုတေသီတို့က မိမိတို့၏ အမည်နာမတို့ကို ကြည့်၍ လူဆိုးသူဆိုးများ ဟု အထင်လွဲကောင်း လွဲကြမည်ဖြစ်သောကြောင့် များစွာ ပူပင်သောက ရောက်နေကြရပါသည်။

အပ်ချုပ်ကြီး၏ စာလုံးပေါင်း အယူသီးမှုကား ဤတခုတည်း မဟုတ်။ နောက်တခု ကျန်ပါသေးသည်။

အပ်ချုပ်ကြီးသည် “စု” ဟူသော စကားလုံးကို လွန်စွာမုန်း၏။ အကြောင်းရင်းကား ယင်းအမည်ပါရှိသော ချာ ရာဏသီ ပြည်သူတယောက်သည် အပ်ချုပ်ကြီး၏ မတရားသော အမိန့်အာဏာတို့ကို ဖီဆန်ရာတွင် အထူးပင် နာမည်ကျော်ကြား လူသိများလှသောကြောင့်ဖြစ်ပါသည်။

၁၉၉၉၊ ၂၀၀၀ ပြည့်တဝိုက်တွင် ချာရာဏသီပြည်၏ “အဘဝတီ” ရုပ်သံမှ တရုတ်သိုင်းကားတကားကို ချာရာ ဏသီ စာတန်းထိုး၍ အခန်းဆက် ထုတ်လွှင့်ပြသ၏။ ယင်းတရုတ်ကားမှ ဇာတ်ဆောင်မင်းသမီး ချောလေး၏ အမည်မှာ “ယဉ်စုစု” ဖြစ်ပါသည်။

ယင်း “ယဉ်စုစု” နှင့် ပြသနေသည်မှာ သုံးလေးလ ကြာလတ်သော် စာလုံးပေါင်းကို အပ်ချုပ်ကြီး သတိပြုမိ သွား၏။ ခက်သည်မှာ တရုတ်ကားကို ချာရာဏသီ စာတန်းထိုးရာတွင် တကားလုံးအတွက် စာတန်းများကို ကြိုတင်ရေးပြီး ဖြစ်နေပါသည်။

ထို့ကြောင့် တမျိုးတဖုံ စီစဉ်ကြရပါသည်။ “ယဉ်စုစု” အမည်ကို အမည်းရောင်ဖြင့် ဖျက်၍ ယင်းနေရာတွင် “ယဉ်ဆုဆု” ဟု ပြောင်းလဲစာလုံးပေါင်းကြရသည်ကို ထိုအချိန်က တရုတ်သိုင်းကားကြည့် ပရိသတ်တို့ မှတ်မိ နေကြဆဲဖြစ်ပါသည်။

ထိုမျှနှင့် ရပ်ပြီလော။ မရပ်သေးပါ။ ဤနေရာတွင် ချာရာဏသီပြည်၏ အခြေအနေကို အနည်းငယ် ရေးပြရပါ မည်။

အတိုင်းတိုင်း အပြည်ပြည်တို့၏ အလယ်တွင် ချာရာဏသီပြည်သည် မူးယစ်ဆေးဝါးများကို တွင်ကျယ်စွာ ထုတ်လုပ်ရာ တိုင်းဒေသအဖြစ် ထင်ပေါ်ကျော်ကြားနေသည်မှာ ကာလကြာမြင့်နေပြီဖြစ်ပါသည်။

အပ်ချုပ်ကြီး ဘုရင်ဖြစ်ကာစက နည်းပါးသေးသော အရက်သေစာ ယမကာ ရောင်းချသော ဆိုင်များသည် လည်း အပ်ချုပ်ကြီး၏ ဘုရင်သက်တမ်း နှစ် (၂၀) အတွင်း မိုးဦးကျ မှိုများကဲ့သို့ တိုးပွားလာခဲ့သည်မှာ အများ အသိပင် ဖြစ်ပါသည်။

လိုက်လျောညီထွေစွာပင် ချာရာဏသီပြည်ရှိ ပြည်ကျော်အဆိုတော်များ သီဆိုကြသော သီချင်းများထဲတွင် လည်း “အရက်သောက်ခြင်း” “အရက်မူးခြင်း” အစရှိသော စာသားများ ပါဝင်ခဲ့ကြပါသည်။

ထိုသီချင်းများကို အပ်ချုပ်ကြီး ကြားလတ်သော် ဗုဒ္ဓဘာသာကို အထူးကိုင်းရှိုင်းတော်မူသည့်အတိုင်း များစွာ စိတ်မချမ်းသာ ဖြစ်လေပြီ။ သို့သော် သီချင်းများကား ထုတ်ဝေဖြန့်ချိပြီးဖြစ်သောကြောင့် မည်သို့တားမြစ်ရ မည်မသိ ဖြစ်နေချေသည်။

ထိုသီချင်းများကို နောက်ပေါ်အဆိုတော်တို့ ပြန်ဆိုတေးအဖြစ် ပြန်လည်သီဆိုကြသောအခါ အပ်ချုပ်ကြီး အ ကွက်ဆိုက်လေပြီ။ သီချင်းစာသားများကို ပြောင်းပစ်ရန် အမိန့်တော်မြတ် ချမှတ်လိုက်လေသည်။

ထို့ကြောင့်ပင် မဟုတ်တုံလော။ ချာရာဏသီပြည်သား အဆိုတော်ဇော်ဝင်းထွဋ်၏ သီချင်းတပုဒ်အား ထူးအယ် လင်းမှ ပြန်ဆိုသောအခါ “မူးပြီးတော့ လဲသွားရင် ပြီးရော အရက်သောက်ရင် ကောင်းမလား” ဆိုတဲ့ မူရင်းစာ သားအစား “အဟောင်းအနွမ်းနဲ့ ဝေးသွားရင် ပြီးရော ရွက်လွှင့်ရင် ကောင်းမလား” ဟု ပြောင်းလဲသီဆိုခဲ့ရပါ သည်။ နောက် နာမည်ကျော်အဆိုတော် ဗဒင်၏ သီချင်းစာသား “မူးမူးနဲ့ ဆေးလိပ်လေးဖွာ” အစား “အတွေး များနဲ့ မျောလွင့်ရင်းသာ” ဟု ပြောင်းလဲသီဆိုရပြန်ပါသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသော တေးရေး စောဘွဲ့ မှူး၏ “ဖင်ဆီဒိုင်း” သီချင်းလည်း မလွတ်။ ဖြူဖြူကျော်သိန်းက “အိပ်မက်ရိုင်း” ဟု ပြောင်းလဲသီဆိုခဲ့ရပါသည်။

အရက်တခုတည်းနှင့် ပြီးမည်လော။ ပြီးမည်ဆိုလျှင် ကောင်းလေစွ။ သို့သော် အပ်ချုပ်ကြီးကား အဘယ်မှာ ပြီးနိုင်ပါအံ့နည်း။

အပ်ချုပ်ကြီးသည် ရန်ကုန်မြို့တော်ကို လွန်စွာသာယာလှပစေလို၏။ ၃၈ ဖြာမင်္ဂလာကို တရံတဆစ်မျှ မကျင့် သုံးဖူးသော်လည်း မင်္ဂလာမြင်ကွင်းများကိုသာ မြင်လို၏။ မင်္ဂလာစကားကိုသာ ကြားလို၏။ မကောင်းသော အ နိဌာရုံများ မရှိစေလို၊ ရှိလည်း မမြင်လို၊ မကြားလို။ ထိုသို့ တရုတ်ဒဏ္ဍာရီထဲမှ မျောက်သုံးကောင်၏ အကြီးဆုံး သာဝကကြီး ဖြစ်တော်မူသော အပ်ချုပ်ကြီးဖြစ်သည်နှင့်အညီ တေးရေးစောဘွဲ့မှူး၏ နာမည်ကျော် “ရောဂါ” သီချင်းထဲမှ ရန်ကုန်မြို့ပြ ပုံရိပ်များကိုလည်း ပြောင်းလဲစေပါသည်။

ထို့ကြောင့် မူရင်းစာသား “မီးပွိုင့်နားက အရူးမ” အစား “မီးပွိုင့်နားက ကလေးမ” ဟုလည်းကောင်း၊ “ခွေးလေ ခွေးလွင့် တောထဲ” ဟူသော စာသားအစား “မိန်းမလှလေးတွေ တောထဲ” ဟူ၍ လည်းကောင်း ပြောင်းလဲသီ ဆိုကြရပါသည်။ သီချင်းထဲမှ ရုန်းကြွနေသော ရန်ကုန်မြို့ပြပုံရိပ်များမှာ ပျက်စီးခြင်းမလှ ပျက်စီးရရှာပါသည်။

ထိုမျှနှင့် ရပ်မည်လော။ မရပ်သေးပါ။ သူပုန်သူကန်တို့ကိုလည်းကောင်း၊ ပုန်ကန်ထကြွခြင်းကိုလည်းကောင်း လွန်စွာမုန်းတီးသော ငြိမ်းချမ်းရေးမြတ်နိုးလှသူ ဖြစ်တော်မူသည့် အားလျော်စွာ အပ်ချုပ်ကြီးသည် ၎င်းတေး ရေး စောဘွဲ့မှူး၏ နာမည်ကျော် “မှားတဲ့ဘက်မှာ” သီချင်းမှ စာသား “သူပုန်လေးလို့ ငါ့ကိုခေါ်” အစား “လူပေ လေးလို့ ငါ့ကိုခေါ်” ဟု ပြောင်းလဲစေပြန်ပါသည်။

တေးရေး စောဘွဲ့မှူး စောစီးစွာ ကွယ်လွန်သွားသည်မှာ တနည်းအားဖြင့် ကောင်း၏။ ယခုအထိ သက်ရှိထင် ရှားရှိခဲ့သော် အနုပညာသည်စစ်စစ်ဖြစ်သော စောဘွဲ့မှူးခမျာ နှလုံးကွဲ၍ မချိမဆန့် ခံရချိမ့်မည်။

ချာရာဏသီစကားတွင် “ဗိုလ်ကျသည်” ဟူသော စကားလုံးရှိ၏။ အနိုင်ကျင့်ခြင်းဟု အနက်အဓိပ္ပာယ်ရပါ သည်။ ကံကောင်းထောက်မစွာ ယင်းစကားလုံးကိုကား “ဘိုကျသည်” ဟု ပြောင်းလဲခြင်းမပြုသေးပါ။

ချာရာဏသီ ဘာသာစကားကား လှပလှပါပေသည်။ အမှန်တရားကို တိတိပပ ဖော်ကျူးနိုင်သော ဘာသာစ ကား ဖြစ်ပါသည်။ အပ်ချုပ်ကြီး အမှူးပြုသော “ဗိုလ်ဗလပွေ ဗိုလ်ဗလချာ ဗိုလ်ဗာလ” တသိုက် “ဗိုလ်ဆိုး ဗိုလ် သွမ်း ဗိုလ်သရမ်း” တသိုက် အထူးတလည် “ဗိုလ်ကျ” ကြသော ချာရာဏသီ ပြည်ထူးပြည်မြတ်ကြီးပင် ဖြစ် လေတော့သည်။ ။


စိမ်းစို

No comments:

Post a Comment